နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဦးဆောင်၍ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ (၁၇-၇-၂၀၂၆ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမျိုးသားပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၁၇-၇-၂၀၂၆ ရက် (သောကြာနေ့)၊ နံနက် (၀၈၀၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်သင်တန်းကျောင်း ပရဝုဏ်အတွင်း၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဦးဆောင်၍ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများက ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲပျိုးအခမ်းအနား၌ ကျွန်းပင်၊ ကံ့ကော်ပင်၊ ခရေပင်၊ မဟော်ဂနီပင် အပါအဝင် ပျိုးပင်ပေါင်း (၄၅၅)ပင်ကို သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက အရာထမ်း/အမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး၊ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နံနက်(၉)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။