နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၅) နှစ်မြောက် စိန်ရတု နှစ်ပတ်လည် အထိမ်းအမှတ် သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၂ ခုနှစ်) ထုတ်ဝေခြင်း အခမ်းအနားကို ၂၁-၁-၂၀၂၃ ရက်၊ ၁၁:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မဂ္ဂဇင်းထုတ်ဝေရေး ကော်မတီဝင်များ၊ စာမူရှင်များ၊ ကြော်ငြာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး စာမူရှင်များကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ငြိမ်း) ဦးညွန့်ဆွေက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းများကို ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ ယခုထုတ်ဝေသော (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည် အထိမ်းအမှတ် သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၂ ခုနှစ်) သည် (၂၅) ကြိမ်မြောက် ထုတ်ဝေသော စာအုပ်ဖြစ်ကြောင်းနှင့် မဂ္ဂဇင်းတွင် ဝန်ကြီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်းများနှင့် ဝါရင့်သံတမန်ကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအပြင် ပြင်ပစာမူရှင် များက သံတမန်ရေးရာ၊ နိုင်ငံတကာရေးရာများနှင့် အတွေ့အကြုံဗဟုသုတများကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် သုတ၊ ရသ စုံလင်စွာ ရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။






