နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကမြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား(၂၈-၄-၂၀၂၆ ၊ နေပြည်တော်)

ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ် ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စု ဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၂၈-၄-၂၀၂၆ ရက်၊ အင်္ဂါနေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ သံအမတ်ကြီးများ၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက လမ်းညွှန်အမှာစကားပြောကြားရာ၌ ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပြည်ပသို့ တာဝန်ပေးစေလွှတ်ရာတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူများကိုသာ ရွေးချယ်စေလွှတ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကိုယ်စား ပြုသည့်အတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်များကို အလေးထားလိုက်နာစေလိုကြောင်း၊ မိမိ သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ဓလေ့စရိုက်နှင့် ယဉ်ကျေးမှုများကိုလည်း အလေးထား ရမည်ဖြစ်ပါကြောင်း၊ မိမိကိုယ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင် အစဉ်အမြဲ ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကို အမှားအယွင်းနည်းအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကို သစ္စာရှိရန်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိရန် လိုအပ်ပါကြောင်း၊ မိမိ၏ ပြုမူနေထိုင်မှုများကို ချင့်ချိန်သုံးသပ်၍ လုပ်သင့်လုပ်ထိုက်သည်ကိုလုပ်၍ မလုပ်သင့် မလုပ်ထိုက်သည်ကို မလုပ်ရန်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ပကတိ နိုင်ငံရေး၊ စီးပွားရေး၊ ပထဝီ အနေအထားများကို မှန်မှန်ကန်ကန် သိရှိရန် လိုအပ်ပါကြောင်း၊ မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်း အောင်၊ နိုင်ငံတကာနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ မိမိကိုယ်ကို‌ကောင်းအောင် ကြိုးစားပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်း စည်းလုံးညီညွတ်မှုရှိခြင်းသည် National Characteristic ကိုလည်း မြှင့်တင်ရာရောက်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ နိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများအကြားနှင့် ချစ်ကြည် ရင်းနှီးမှုတည်ဆောက်ကာ မိမိနိုင်ငံ၏ မူလရပ်တည်ချက် အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ သံတမန်များ၏ လုပ်ငန်းတာဝန် (၅)ရပ်ကို ကျေပွန်စွာဆောင်ရွက်၍ ပြည်ပရောက် မိမိနိုင်ငံသားများ၏ အကျိုးကို တတ်စွမ်းသ၍ ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက် တာဝန် ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့ ယခင်သွားရောက် တာဝန် ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီ အနေဖြင့် မိတ်ဆက်တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သွားရောက်ကြမည့် နိုင်ငံအလိုက် အကောင်အတည်ဖော်ဆောင်ရွက်ရမည့် ရည်မှန်းချက်များကို အသေးစိတ် လမ်းညွှန်ပြောကြားခဲ့ ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပြည်ပသို့ သွားရောက် တာဝန်များ အနေဖြင့် သံတမန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အသွေး (Diplomatic Characteristic) များကို မြင့်မားအောင်ကြိုးစားကြရန် မှာကြားလိုပါကြောင်း၊ သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှုဖြစ်ပြီး Communication Skill ၊ Language Skill ၊ Negotiation Skill များ တိုးတက်စေရန် အစဉ်လေ့လာဆည်းပူး၍ မြှင့်တင်စေလိုပါ ကြောင်း၊ ဝန်ထမ်းများ အချင်းချင်း စည်းလုံး ညီညွတ်မှုရှိရန်နှင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတာဝန်များကို အောင်မြင်စွာဖြင့် ထမ်းဆောင်နိုင်ကြပါစေကြောင်းနှင့် ကြီးပွားတိုးတက်အောင်မြင်စေလိုကြောင်း ဆုတောင်းစကားပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။