(၂၃-၄-၂၀၂၆ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားသည့် အခမ်းအနားကို ၂၃-၄-၂၀၂၆ ရက် (ကြာသပတေးနေ့) ၁၅၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်ရှိ လောကနတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေမှ အမှာစကားပြောကြားရာတွင် မိမိဝန်ထမ်းများကို ပထမဆုံးတွေ့ဆုံသည့် အခမ်းအနား ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရ၏ အနာဂါတ်ဆောင်ရွက်မည့် အစီအစဉ်များကို အသိပေးပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံခြားရေး ဝန်ကြီးဌာနသည် နိုင်ငံ့စွမ်းအား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အရေးပါသည့် ဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ တာဝန်သိသိ သစ္စာရှိရှိဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးနှင့် ဝန်ကြီးဌာနအကျိုးကို မိသားစုသဖွယ် စိတ်ဓာတ်ဖြင့် ထမ်းဆောင်သွားရန် လိုအပ်ပါကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။
ဝန်ထမ်းများအနေဖြင့် တော်တည့်မှန်ကန်စွာနေထိုင်၍ ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသည် ပြည်ပနိုင်ငံများနှင့် ထိတွေ့ဆက်ဆံ၍ အောင်မြင်အောင် ဆောင်ရွက်ခြင်းနှင့် ပြည်တွင်းတွင် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ငန်းများ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေးတွင် ရန်သူကို ကြားနေဖြစ်အောင် ဆောင်ရွက်ခြင်း၊ ကြားနေကို မိတ်ဆွေဖြစ်အောင် ဆောင်ရွက်ခြင်း၊ မိတ်ဆွေကို မဟာမိတ်ဖြစ်အောင် ဆောင်ရွက်ခြင်း နည်းလမ်းဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများနှင့် လည်းကောင်း အိမ်နီးချင်းနိုင်ငံများနှင့်လည်းကောင်း ကျန်နိုင်ငံများအားလုံးနှင့်လည်းကောင်း ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် အစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ စီမံကိန်းတွင် ပေးအပ်ထားသော ရည်မှန်းချက် တာဝန်များကို ကာလတိုအတွင်း အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ပတွင် သွားရောက်တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံရပ်ခြားတွင် ရငွေနှင့် သုံးငွေ မျှတစွာ သုံးစွဲရန်၊ သားသမီးများ ပြည်ပတွင် ပညာသင်ကြားရာတွင် မိမိတို့နိုင်ငံအပေါ် မျိုးချစ်စိတ်ရှိရန်၊ အမျိုး၊ဘာသာ၊သာသနာကို တန်ဖိုးထားတတ်စေရေး သင်ကြားပေးရန် ပြောကြားခဲ့ပါသည်။ ထို့အပြင် ဝန်ထမ်းများ ကျန်းမာရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ငလျှင်ကာလအလွန် ဝန်ထမ်းနေအိမ်ခန်းများတွင် အပြည့်အဝ ပြန်လည်နေထိုင်နိုင်ရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများအားလုံး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းများ အောင်အောင်မြင်မြင်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။



