နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်

နိုင်ငံခြားရေးဝန်ကြီးဌာနမိသားစု၏ မင်္ဂလာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားကို မြန်မာနှစ်ဆန်း ၁ ရက်(၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့)တွင် ဝန်ကြီးဌာန၏ လောကနတ်ခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် ဇနီး၊ ဦးစီးဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တရားတော်နာ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ အုန်းတောပရိယတ္တိစာသင်တိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ အာသဘ အမှူးပြုသောဆရာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူတည်ဆောက်ကြပြီး ဆရာတော်သံဃာတော်များက နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွါးသရဇ္ဈာယ်တော်မူကြပါသည်။

အခမ်းအနားတက်ရောက်သူများက တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆရာတော်များထံ ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့နောက် ဆရာတော်ဘုရားတို့က အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။