(၂၈-၃-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား ၂၈-၃-၂၀၂၆ ရက်၊ (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ကောင်းမွန်သည့် ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ပါသည်။ ထို့အပြင် အာဆီယံ-ဘရာဇီးလ် ကဏ္ဍအလိုက် ဆွေးနွေးဖက် မိတ်ဖက်ဆက်ဆံရေးအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ဘရာဇီးလ်နိုင်ငံမှ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ်ပါ အခြေခံမူများအပေါ် အခြေခံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြ ပါသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။



