နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၏ တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနား ကျင်းပ (၂၃-၁၂-၂၀၂၂ ရက်)

(၂၃-၁၂-၂၀၂၂ ရက်၊ ရန်ကုန်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၏ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၃-၁၂-၂၀၂၂ ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးများက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ပြဋ္ဌာန်းထားသော နိုင်ငံရေးဦးတည်ချက်များနှင့် လုပ်ငန်းစဉ်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အခြေအနေများ၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအပေါ် ဝင်ရောက် စွက်ဖက်နေသော ဆောင်ရွက်ချက်များအပေါ် တုန့်ပြန်ဆောင်ရွက်နေမှုများ၊ အာဆီယံ၏ တူညီဆန္ဒ (၅)ချက်တို့အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုနှင့် စိန်ခေါ်မှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်၊ မူဝါဒနှင့် အကောင်အထည်ဖော် ဆောင်ရွက်ချက်တို့ကို ဒေသတွင်းနှင့် နိုင်ငံတကာမှ သိရှိစေရေး သံတမန် လမ်းကြောင်း(၁.၅)၊ သံတမန်လမ်းကြောင်း(၂) တို့ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံ့ အကျိုးဖြစ်ထွန်းစေမည့် မူဝါဒပိုင်းဆိုင်ရာ အကြံဉာဏ်များ၊ လေ့လာသုံးသပ်ချက်များကို စဉ်ဆက် မပြတ် တင်ပြနိုင်ရေးနှင့် နိုင်ငံတကာအဆင့်မီ သုတေသနစာတမ်းများ ရေးသားပြုစုနိုင်ရေး တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်လာကြသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး ပညာရှင်များ ရှုထောင့်မှ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ ဥက္ကဋ္ဌ၊ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း သိရှိရပါသည်။