နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက AHA Centre အမှုဆောင်ဒါရိုက်တာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

(၂၅-၂-၂၀၂၆ရက်၊နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အာဆီယံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီ‌ပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Centre)၊ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မစ္စတာလီယန်မင်းက AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင် ရာတွင် မြန်မာနိုင်ငံအစိုးရ၏ ပံ့ပိုးမှုနှင့် ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး AHA Centre က ရှေ့ဆက်ဆောင်ရွက်မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကာလအတွင်း အကူအညီပေးအပ်ခဲ့မှုအပါအဝင် AHA Centre ၏ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး အမှန်တကယ် အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများထံ အကူအညီများ ထိရောက် လျင်မြန်စွာရောက်ရှိရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့်နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူသားချင်းစာနာမှု အကူအညီများပေးအပ်ရာတွင် မြန်မာနိုင်ငံ၏ ဦးစားပေးလိုအပ်ချက်နှင့် ကိုက်ညီမှု ရှိစေရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးမှု၊ မြန်မာအစိုးရအနေဖြင့် လူသားချင်း စာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သူများထံသို့ ပို့ဆောင်ရာတွင် AHA Centre ၏ ဆောင်ရွက်ချက်များကို ပံ့ပိုးဆောင်ရွက်ပေးခဲ့မှုများကို ပြောကြားကာ မြန်မာနိုင်ငံအတွင်း AHA Centre ၏ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။