(၂၅-၂-၂၀၂၆ ခုနှစ်ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၅-၂-၂၀၂၆ ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် (၈)နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပရဝုဏ်၌ ကျင်းပပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာသံတမန်သင်တန်းကျောင်း အဆောက်အအုံ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုကျော်၊ ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် Mother Development Co. Ltd မှ တာဝန်ရှိသူတို့က သက်မှတ်နေရာ အသီးသီးတွင် ပန္နက်တိုင်များ စိုက်ထူပေးခဲ့ကာ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြပါသည်။ အဆိုပါ မြန်မာသံတမန်သင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်သံတမန်များအဖြစ် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်မည်ဖြစ်ကာ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများအပါအဝင် နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာကဏ္ဍများကို စိတ်ပါဝင်စားသူများအား အသိပညာ မျှဝေခြင်းတို့အတွက် သင်တန်းများနှင့် လေ့ကျင့်ရေးအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။







