နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေး

(၆-၁-၂၀၂၆ ရက်၊ နေပြည်တော် )

 

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စမာရီယာ ထရက်ဆာ ပရဲညို လာဇာရို သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။ အဆိုပါခရီစဉ် အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခြင်းကို ကြိုဆိုထောက်ခံကြောင်းပြောကြား၍ ပြည်တွင်းတည်ငြိမ်အေးချမ်း ရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၁) အောင်မြင်စွာကျင်းပပြီးစီးမှုအခြေအနေနှင့် ရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့ကို အောင်မြင်စွာ ဆက်လက်ကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှု များ တိုက်ဖျက်ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဖိလစ်ပိုင်နိုင်ငံသားများအပါအဝင် အွန်လိုင်းလိမ်လည်မှုတွင် ပါဝင် သည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ များနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်(၇၀)ကာလအတွင်း ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ထောင်ထားရှိကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်များတွင် အပြန်အလှန် အားပေးကူညီမှုများ ရှိခဲ့ကြောင်း၊       မကြာမီသေးမီက မန္တလေးငလျင်နှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့စေလွှတ်၍ ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁)တွင် ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံးမှ ကိုယ်စားလှယ်များ စေလွှတ်ပေးခဲ့မှု နှင့် ရွေးကောက်ပွဲကို စနစ်တကျအောင်မြင်စွာကျင်းပနေမှုအား အသိအမှတ်ပြုပြောကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ရာ၌ အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ပြည်ထောင်စု ဝန်ကြီး၏ ရှင်းလင်းပြောကြားချက်များကို သိရှိမှတ်သားရကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် အာဆီယံ ဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများတွင် အပြုသဘောပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ၎င်း၏ခရီးစဉ်သည် အာဆီယံဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက စတင်တာဝန်ယူ ပြီးနောက် ပထမဆုံးလာရောက်သည့် မိတ်ဆက် ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့်ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက အွန်လိုင်းလိမ်လည်မှုမှတစ်ဆင့် လူကုန်ကူးခံရသည့် ဖိလစ်ပိုင် နိုင်ငံသားများကိုကယ်တင်၍ ပြန်လည်လွှဲပြောင်းပေးသည့်အတွက် မြန်မာအစိုးရအား ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်သည့် ကဏ္ဍများကို ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့အား နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။