(၈-၁၂-၂၀၂၅၊ ဒိုဟာ)
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပပြုလုပ်သည့် (၂၃) ကြိမ် မြောက်ဒိုဟာဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါဖိုရမ်သို့ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီး များ၊ ကျွမ်းကျင်ပညာရှင်များနှင့် အသိပညာရှင်အတတ်ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှု နှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် အရေးပါသည့် နယ်ပယ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် သီးခြားစီဆွေးနွေးခဲ့ကြသည်။
ဖိုရမ်ကျင်းပစဉ်အတွင်း အမြဲတမ်းအတွင်းဝန်သည် ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနအကြီးအကဲဖြစ်သူ H.E. Aljohara Yousif Al-Obaidan အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက် နံနက် ၁၁၀၀ နာရီတွင် ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွား ဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
**************************



