(၂၇-၁၁-၂၀၂၅ ရက်၊ ဖူးကျိုး)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် ဖူးကျန့်ပြည်နယ်၊ ဖူးကျိုးမြို့၌ ကျင်းပခဲ့သော ၂၀၂၅ အာဆီယံ – တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ ပေါင်းစပ်ညှိနှိုင်းရေးကွန်ဖရင့်သို့ တက်ရောက်ခဲ့ကြပါ သည်။
အဆိုပါကွန်ဖရင့်တွင် ဖူးကျန့်ပြည်နယ်ကော်မတီ တရုတ်ကွန်မြူနစ်ပါတီ ဒုတိယ အတွင်းရေးမှူးနှင့် ဖူးကျိုးမြူနီစီပယ်တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး Ms. Guo Ningning၊ မလေးရှားလွှတ်တော်ဥက္ကဋ္ဌ Dato Awang Bemee Awang Ali Basah၊ အင်ဒိုနီးရှား ဒေသဆိုင်ရာ ကိုယ်စားပြုကောင်စီ၏ ကော်မတီအမှတ် ၃ ဥက္ကဋ္ဌ Mr. Filep Wamafma၊ အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun နှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေတို့က အဖွင့်မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြပါသည်။
ကွန်ဖရင့်ကို ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အရေးသစ်များ ပူးတွဲရှာဖွေ ခြင်းနှင့် အာဆီယံ-တရုတ်စီးပွားရေးနှင့် ကုန်သွယ်ရေးချိတ်ဆက်ဆောင်ရွက်မှုပိုမိုနက်ရှိုင်းစေခြင်း ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ကွန်ဖရင့်သို့ တက်ရောက်လာသူများက မိန့်ခွန်းများ အသီးသီးပြောကြားရာ၌ ဖူးကျန့် ပြည်နယ်သည် ၂၁ ရာစု၏ ပင်လယ်ရေကြောင်းပိုးလမ်းမအတွက် အဓိကနေရာတစ်ခု ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် ပထဝီအနေအထားအရ နီးစပ်မှုရှိပြီး ယဉ်ကျေးမှုများ ဆက်စပ်မှုလည်းရှိ ကြောင်း၊ အာဆီယံသည် ဖူးကျန့်ပြည်နယ်၏ အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ဖူးကျိုးမြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အရေးပါကြောင်း၊ ဖူးကျန့်မြို့နှင့် အာဆီယံနိုင်ငံများ၏ စုစုပေါင်း သွင်းကုန်/ပို့ကုန်တန်ဖိုးသည် ၂၀၂၄ ခုနှစ်၌ တရုတ်ယွမ် ၄၄၀ ဘီလီယံကျော်လွန်ခဲ့ပါကြောင်း၊ အောက်တိုဘာလအတွင်း၌ အာဆီယံနှင့် တရုတ်ကြား သဘောတူခဲ့သည့် လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ ၃.၀ (CAFTA 3.0) အဆင့်မြှင့်တင်ခြင်းပရိုတိုကောတွင် ဒီဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ချိတ်ဆက်မှု စသည့်ကဏ္ဍများအပါအဝင် နယ်ပယ် ၉ ခုအား ပူးပေါင်းဆောင်ရွက်ရန်ပါဝင်ကြောင်း၊ ယင်းမှာ ဖူးကျိုးမြို့၊ ဖူးကျန့်ပြည်နယ်နှင့် အာဆီယံနိုင်ငံများ အကြားစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်း စေမည်ဖြစ်ပြီး အခွင့်အလမ်းအသစ်များကို ယူဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြ ပါသည်။
ထို့ပြင် အပြောင်းအလဲများနှင့် စိန်ခေါ်မှုများ ဖြစ်ပေါ်နေသော ကမ္ဘာကြီးတွင် မိမိတို့အနေဖြင့် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ခြင်းတို့ကို လက်မခံဘဲ နိုင်ငံစုံကုန်သွယ်ရေးစနစ် ကို ကိုင်စွဲရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ် ကုန်သွယ်မှု၊ စိမ်းလန်းသော စံနှုန်းများနှင့် ထောက်ပံ့ ပို့ဆောင်ရေးကွင်းဆက်တည်ငြိမ်မှုတို့နှင့် စပ်လျဉ်းသော ကုန်သွယ်ရေးစည်းမျဉ်းများကို ရှာဖွေ လေ့လာခြင်းအားဖြင့် RCEP နှင့် CAFTA 3.0 မှ ပေးအပ်သော အခွင့်အလမ်းများကို ဖမ်းဆုပ်ရ မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်းဖြစ်ရုံသာမက စီးပွားရေးတွင် အရေးပါသည့် မိတ်ဖက်နိုင်ငံ လည်း ဖြစ်ပါကြောင်း၊ အစည်းအဝေးသည် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်မှုပြု (Regional Comprehensive Economic Partnership- RCEP) အောက်ရှိ အာဆီယံ – တရုတ် ပူးပေါင်း ဆောင်ရွက်မှုနှင့်လည်း ကိုက်ညီမှုရှိပါကြောင်း၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ အားသာချက်များကို အသုံးချခြင်းအားဖြင့် အပြန်အလှန် ချိတ်ဆက်မှုရှိပြီး ရေရှည်တည်တံ့သော ဒေသတွင်းစီးပွားရေးကို ဖန်တီးနိုင်မည် ဖြစ်ပါကြောင်း၊ ယခု အခွင့်အရေးကို အမိအရဖမ်းယူပြီး မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို မြန်မာနိုင်ငံသို့ ပိုမိုဖိတ်ခေါ်လိုပါကြောင်း၊ မီးရထားလမ်း၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ စွမ်းအင်၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံမှ အသင့်ရှိပါကြောင်း၊ နှစ်ဘက်အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် ဟန်ချက်ညီ၍ တရားမျှတမှု ရှိပါက ရေရှည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
အဆိုပါကွန်ဖရင့်သို့ ကျွမ်းကျင်ပညာရှင်များ၊ တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရကိုယ်စားလှယ်များနှင့် အခြားပါဝင်ပတ်သက်သူများ စုစုပေါင်း ဧည့်သည် ၁၀၀ ဝန်းကျင် ခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
****************************************

