(၃၀-၁၀-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းများအတွက် ဉာဏ်ရည်တု (Artificial Intelligence-AI) ဆိုင်ရာ အသိပညာပြန့်ပွားရေးနှင့် လုပ်ငန်းခွင်အထောက်အကူပြုစေရေး ဆွေးနွေးပွဲတစ်ရပ်ကို “Practical AI for Public Service Excellence” အမည်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ၁၄၀၀ နာရီမှ ၁၆၀၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ အရာထမ်းအမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ခေတ်ရေစီးကြောင်း၊ နည်းပညာရေစီးကြောင်းနှင့် ရင်ပေါင်တန်းနိုင်ရေး၊ AI နည်းပညာကို ရုံးလုပ်ငန်းများ မြန်ဆန်ထိရောက်စေရေးအတွက် အကျိုးရှိရှိ အသုံးချနိုင်ရေး၊ ပင်ကိုယ်စွမ်းရည်၊ လုပ်ငန်းခွင်အတွေ့အကြုံနှင့် လေ့လာမှုများကို AI ၏ စွမ်းပကားများနှင့် ပေါင်းစပ်မြှင့်တင်နိုင်ရေး၊ ဘာသာရပ်အနေဖြင့် ဆွေးနွေးပြောဆိုနိုင်ရေးနှင့် သတင်းအချက်အလက် လုံခြုံမှု ဂရုစိုက်ရေးများ ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် သံအမတ်ကြီး ဦးမောင်မောင်လင်းက လုပ်ငန်းခွင်တွင် AI နည်းပညာ အသုံးပြုနိုင်မှုများကို ၎င်း၏ အတွေ့အကြုံများအပေါ် အခြေခံ၍ အဓိကဆွေးနွေးသူအဖြစ် ဆွေးနွေးခဲ့ကြောင်း သိရှိပါသည်။



