နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး (၉-၁၀-၂၀၂၅ ရက်၊ နေပြည်တော်)

၉-၁၀-၂၀၂၅ ရက်၊ နေပြည်တော်)

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Seri Utama Haji Mohamad Bin Haji Hasan သည် မြန်မာနိုင်ငံ နေပြည်တော်သို့ ၉-၁၀-၂၀၂၅ ရက်နေ့တွင် အလုပ်သဘောခရီးစဉ်လာရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး H.E. Dato’ Seri Utama Haji Mohamad Bin Haji Hasan သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ယနေ့၊ ၁၃၃၀ နာရီတွင် နေပြည်တော်ရှိ Jasmine Hotel ၌ တွေ့ဆုံခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးနေမှုများ၊ စစ်မှန်ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အာဆီယံထုတ်ပြန်ကြေညာချက် (အာဆီယံတူညီဆန္ဒ) (၅) ချက် အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက် နေမှုများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှုများအတွက် အိမ်နီးချင်းနိုင်ငံများနှင့် သာမက ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကာလ အလွန် ပြန်လည်ထူထောင်ရေးနှင့် ငလျင်ဘေးသင့်ပြည်သူများ၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့ ပါဝင်သည့် သုံးပွင့်ဆိုင်ပင်မအဖွဲ့ (Tripartite Core Group) ဖွဲ့စည်းရေးကိုလည်းထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများ တွင် အပြုသဘောပူးပေါင်းဆောင်ရွက်မှုများ၊ အဖွဲ့ဝင်ဖြစ်ချိန်မှစတင်၍ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများကို မပျက်မကွက် ထမ်းရွက်ခဲ့မှုများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအပေါ် ခွဲခြားချန်လှပ်ခြင်းများသည် သင့်လျော်မှုမရှိကြောင်း ထောက်ပြကာ အာဆီယံ၌ မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိ စေရေး တိုက်တွန်းဆွေးနွေးခဲ့ပါသည်။ မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းပြောကြားမှုများ ကို သိရှိမှတ်သားရကြောင်း၊ ၎င်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ ကို တတ်စွမ်းသည့် တစ်ထောင့်တစ်နေရာမှ ကူညီပေးနိုင်ရန်အတွက် လာရောက်ခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ ပင်မအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အာဆီယံထုတ်ပြန် ကြေညာချက် (အာဆီယံတူညီဆန္ဒ) (၅) ချက် အကောင်အထည်ဖော်မှုတွင် ပိုမိုကောင်းမွန်သော ရလဒ်များရရှိစေရေးအတွက် မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆောင်ရွက်မှုများကို ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အစည်းအဝေးမတိုင်မီတွင် Jasmine Hotel ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။