(၉-၉-၂၀၂၅)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ ၁၀၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ UNHCR က လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံနှင့် UNHCR အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ UNHCR ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာဗျူရိုရုံးမှ ညွှန်ကြားရေးမှူး Ms. Hai Kyung Jun ၊ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

