(၂-၇-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၂-၇-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက်(၈)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဇေယျဌာနီလမ်းတစ်ဘက်ရှိ လျှိုပိတ်ဆည်ဘေး မြေကွက်လပ်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်၍ ဒုတိယဝန်ကြီးဦးလွင်ဦး၊ ဒုတိယဝန်ကြီးဦးကိုကိုကျော်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သရက်ပင်၊ ခရေပင်နှင့် မဟော်ဂနီပင် စုစုပေါင်း (၂၄၂) ပင်ကို သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များက အရာထမ်း၊ အမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို နံနက် (၉) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။





