(၆-၉-၂၀၂၁ ရက်၊ နေပြည်တော်)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်ရုံးမှ နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ များတွင် မြန်မာနိုင်ငံကို မကြာခဏ ရည်ညွှန်းပြောကြားလျက်ရှိသည်။ ပြည်တွင်းတွင် နိုင်ငံတကာ၏ အာရုံစိုက်မှုလိုအပ်သည့် အထင်ကရဖြစ်စဉ်မရှိဘဲ နိုင်ငံတစ်နိုင်ငံကို ရွေးချယ်ပစ်မှတ်ထားလျက်ရှိကြောင်း တွေ့ရှိရသည်။ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံးမှ စိစစ်၍ မရနိုင်သော ပုံကြီးချဲ့ထားသည့် ကိန်းဂဏန်းများပါဝင်သည့် အစီရင်ခံစာများကို ၎င်းရုံးက ကိုးကားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိသော်လည်း ၎င်းရုံး၏ စိုးရိမ်ပူပန်မှုများကို မည်သည့်အခါမျှ ဝန်ကြီးဌာနနှင့် မေးမြန်းစိစစ်ခဲ့ခြင်း မရှိပါ။ ယင်းသို့ စိစစ်ရမည့်အစား ပြောခွင့်ရပုဂ္ဂိုလ်ရုံးသို့ ပေးပို့ပြီး အများသို့ ထုတ်ပြန်လျက်ရှိရာ ကုလသမဂ္ဂဝန်ထမ်းများ၏ ပညာရှင်ဆန်မှုမှာ မေးခွန်းထုတ်ဖွယ်ဖြစ်သည်။ သို့ဖြစ်ရာ သက်ဆိုင်ရာ ကုလသမဂ္ဂဝန်ထမ်းများအနေဖြင့် အထင်အမြင်လွဲမှားစေသော ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းနှင့် ပြည်တွင်းရေးတွင် စွက်ဖက်မှုများမှ ရှောင်ကြဉ်ရန်နှင့် အများပြည်သူသို့ အသိပေးပြောကြားရာတွင် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ကျင့်သုံးရန် တောင်းဆိုသည်။

