

(၇-၄-၂၀၂၂ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရမှ ကျင်းပပြုလုပ်သည့် (၆)နှစ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် (၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ၊ ဒုတိယအုပ်ချုပ်ရေးမှူး H.E. Ren Jun Hao၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ Counselor Mr. Liang Jianjun တို့က အမှာစကားများ ပြောကြားခဲ့ပြီး၊ ကူမင်းမြို့အခြေစိုက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက် မှုတွင် ယူနန်ဒေသသည် အိမ်နီးနားချင်းနိုင်ငံများနှင့် ခိုင်မာသည့် သမိုင်းကြောင်းချိတ်ဆက်မှုနှင့် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုတို့ကြောင့် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လန်ချန်း-မဲခေါင်မြစ်သည် ဒေသတွင်းပြည်သူများ၏ အသက်သွေးကြောအဖြစ်သာမက “Shared River, Shared Future” မိသားစုစိတ်ဓာတ်ကို ဖြစ်ပေါ်စေကြောင်း၊ မဲခေါင်-လန်ချန်းဒေသအတွင်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော (၁၇)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီး အစည်း အဝေးတွင် အစပြုခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး ကျင်းပခြင်းဖြင့် စတင်အသက်ဝင်ခဲ့ကြောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်-လန်ချန်းဒေသ၏ လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ကျော်လွှားရာတွင် အလွန်အရေးကြီးသည့် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ မိသားစုစိတ်ဓာတ်တို့ကို အားသစ်လောင်းစေခဲ့ကြောင်း၊ ယနေ့အချိန်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အခြေခံအုတ်မြစ်ချသည့်အဆင့်ကို ဖော်ဆောင်ပြီးဖြစ်၍ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့သည့် မတ်လကျရောက်တိုင်းတွင် အဖွဲ့ဝင်နိုင်ငံများနည်းတူ အထိမ်းအမှတ်လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ကျရောက်သော (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများ တီဗွီအစီအစဉ်နှင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစီမံကိန်းဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ လူငယ်များအကြား ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွင် ပါဝင်သူများ ရေးဖွဲ့ထားသည့် မဲခေါင်-လန်ချန်းသီချင်းတို့ကို မီဒီယာများတွင် ထုတ်လွှင့်ပြသခဲ့ကြောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု မြန်မာအဆင့်မြင့် အရာရှိကြီး ရေးသားသည့် မဲခေါင်-လန်ချန်းမူဝါဒနှင့်စိတ်ဓါတ်တို့၏ အရေးကြီးမှုကို ဖော်ညွှန်းထားသော ဆောင်းပါးကို သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းများမှ ပြည်သူများအပေါ် အကျိုးဖြစ်ထွန်းစေခဲ့သည့် မှတ်တမ်းအဖြစ် “A Success Story of MLC in Myanmar” စာအုပ်အား ပုံနှိပ်ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။ ထို့အပြင် ဒုတိယဝန်ကြီးက တရုတ်နိုင်ငံအား မဲခေါင်-လန်ချန်းဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေသို့ ရန်ပုံငွေထည့်ဝင်ခြင်းအတွက် လည်းကောင်း၊ မြန်မာနိုင်ငံအတွက် အထူးရန်ပုံငွေစီမံကိန်း ပေါင်း(၇၃)ခုကို အတည်ပြုပေးခဲ့သည့်အတွက်လည်းကောင်းကျေးဇူးတင်ရှိပါကြောင်းလည်း ပြောကြားခဲ့သည်။
ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးက မိန့်ခွန်းပြောကြားရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် ယူနန်ပြည်နယ်ပူးပေါင်းပါဝင်နိုင်ရန် ကာလရှည်ကြာစွာ ပံ့ပိုးကူညီ ခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ယူနန်ပြည်နယ်နှင့် မဲခေါင်နိုင်ငံများသည် ကူးစက်ရောဂါ ကာကွယ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေးပြန်လည်ထူထောင်မှုနှင့် ဒေသတွင်း ချိတ်ဆက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိ ကြောင်း၊ မဲခေါင်နိုင်ငံများမှ ကျောင်းသားများအား ယူနယ်ပြည်နယ်အစိုးရပညာသင်ဆု ပေးအပ် ခြင်းနှင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်ဆောင်ရွက်ခြင်းတို့က ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြော်အမြင်၊ ခိုင်မာရင့်သန်စေရန် စုပေါင်းအားထုတ်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများအား အထောက်အကူပြုရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

