

(၈-၂-၂၀၂၂ ရက်၊ ရန်ကုန်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်း နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်တို့အား ရှင်းလင်းပြောကြားမှုအစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ၈-၂-၂၀၂၂ ရက် တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းပြောကြားမှုအစီအစဉ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက် ခဲ့ပြီး ရန်ကုန်မြို့ရှိ သံရုံးများ၊ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီပေါ်ပေါက်လာပုံ၊ နိုင်ငံတော်တစ်ဝှမ်း အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းနှင့်အတူ ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာ (၃)ရပ်ကို လွဲပြောင်းပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုများအား စိစစ်ခဲ့ရခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ပြန်လည်ကျင်းပသွားရန်ကိစ္စ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဗဟိုမှ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်အထိ အုပ်ချုပ်မှု အဆင့်ဆင့် တွင်တိုင်းရင်းသားကိုယ်စားပြုသူများ၊ နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များနှင့် တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သည် စစ်ဘက်အုပ်ချုပ်ရေး မဟုတ်သည်ကို ထင်ရှားစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)တွင် ပြဋ္ဌာန်း ထားသည့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့်အညီ ပြည်ပနိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်ပခရီးစဉ်များသွားရောက်ခဲ့မှုနှင့် ပြည်ပနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်ခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ၏ တူညီဆန္ဒ (၅)ချက်နှင့်ပတ်သက်၍ ပတ်သက်၍ မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်နေမှုများကို အသေးစိတ် ရှင်းလင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရသည် ပြည်သူများ၏ အသက်ထက် မည်သည့်အရာကမျှ အရေးမကြီး၊ တန်ဖိုးမရှိဟူသောခံယူချက်ဖြင့် တရုတ်၊ အိန္ဒိယနှင့် ရုရှား နိုင်ငံတို့ အပါအဝင်စသည့် ချစ်ကြည်ရင်းနှီးသောနိုင်ငံများမှ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိရေးဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံရပ်ခြားတွင် ရောက်ရှိ နေသော မြန်မာနိုင်ငံသား (၉၇,၀၀၀)ဦး ကို နေရပ်သို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့မှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အကြမ်းဖက်အဖွဲ့များဖြစ်သည့် PDF ၊ NUG နှင့် CRPH တို့၏အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ရဟန်း သံဃာတော်များ ထိခိုက်သေဆုံးခဲ့ရမှုများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းနှင့် တံတားများ ကဲ့သို့သော အများပြည်သူဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့မှုများ၊ အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့နှင့် ဆက်နွှယ်မှုရှိသူများကို စုံစမ်းစစ်ဆေးမှုနှင့် ဥပဒေအရ အရေးယူဆောင်ရွက်မှုများ၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိခဲ့မှုများနှင့် အဆိုပါအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များကို UNCTED ၊ ACCT ၊ ASEANAPOL နှင့် INTERPOL တို့က ရှုတ်ချရန်နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ၎င်းတို့၏ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် သွားရန် တိုက်တွန်းခဲ့သည်။
နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားလုပ်ငန်းစဉ် ဖြစ်သည့် နိုင်ငံတော် သာယာ ဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သဘာဝ သယံဇာတနှင့် လူသားအရင်း အမြစ်တို့ကို ထိရောက်စွာ အသုံးချရေး၊ ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာစေရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ် တိုက်ဖျက်သွားရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်သွားရန်၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတို့အပေါ် အခြေခံ၍ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း၍ နှစ်ဘက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပေါ် စုံစမ်းစစ်ဆေးခဲ့ရမှုများမှ တွေ့ရှိခဲ့ရမှုများနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ကျင်းပမည့် လာမည့်ရွေးကောက်ပွဲ အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာဒေါ်ရင်ရင်နွယ် ကလည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် မဲမသမာမှု ကိစ္စရပ် များနှင့် အကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်၍ အရင်းခံအကြောင်းရင်းများနှင့် အခြေအနေမှန် များကို ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ဆလိုင်းငွန် ကျုံးလျန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပ (၂၀၀၈)ပါပြဋ္ဌာန်း ချက်များနှင့်အညီ နိုင်ငံတော်တာဝန်များကို ရယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် အောင်ဌေးမြင့်က နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF တို့မှ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှုများ၊ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အကြမ်းဖက်အဖွဲ့ သို့မဟုတ် အကြမ်းဖက်သမားတို့အား နိုင်ငံတစ်နိုင်ငံက လက်ခံခြင်း၊ ထောက်ပံ့ ကူညီခြင်းစသည့် လုပ်ရပ်များသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၁၇၆၊ ၂၃၆၈ နှင့် ၂၀၅၀ တို့အရ ပြစ်မှုမြောက်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က အိုမီခရွန်မျိုးကွဲ အန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံသစ်များနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားသည်။ ထို့နောက် အမေးအဖြေကဏ္ဍ ဆောင်ရွက်ခဲ့သည်။
ရှင်းလင်းပြောကြားမှုအစီအစဉ်ပြီးနောက် တက်ရောက်လာသူများမှ ခင်းကျင်းပြသထား သည့် မှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များကို ကြည့်ရှုကြကြောင်းသိရှိရသည်။

