နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည့် အဏ္ဏဝါစီးပွားရေးတွင် အာဆီယံ-တရုတ်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအလားအလာဆိုင်ရာ ဂျကာတာဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်မိန့်ခွန်းပြောကြား(၁၄-၁၀-၂၀၂၂ ရက်)

(၁၄-၁၀-၂၀၂၂ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် (၀၈၃၀)နာရီအချိန်တွင် ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့် ပြုလုပ်သည့် အဏ္ဏဝါစီးပွားရေးတွင် အာဆီယံ-တရုတ် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အလားအလာဆိုင်ရာ ဂျကာတာဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဂျကာတာဖိုရမ်ကို အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် အာဆီယံဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ အင်ဒိုနီးရှားနိုင်ငံခြားရေးရာ မူဝါဒကော်မတီ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အာဆီယံနှင့် တရုတ်နိုင်ငံများမှ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ အဏ္ဏဝါစီးပွားရေးနယ်ပယ်တွင် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဂျကာတာဖိုရမ်တွင် အမြဲတမ်းအတွင်းဝန်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီး Mr. Wu Jianghao နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ် Mr. Satvinder Singh တို့ကလည်း အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။

အမြဲတမ်းအတွင်းဝန်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် အဏ္ဏဝါစီးပွားရေးတွင် အာဆီယံ-တရုတ်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်ကို ဦးဆောင်မှုပြုသည့် တရုတ်နိုင်ငံအားလည်းကောင်း၊ ဆွေးနွေးပွဲကို ပူးတွဲကျင်းပပေးခဲ့သည့် ဂျကာတာရှိ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့အားလည်းကောင်း၊ ဆွေးနွေးပွဲဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးရာမူဝါဒအသိုက်အဝန်းတို့အားလည်းကောင်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အမြဲတမ်းအတွင်းဝန်က (၂၁)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေး၌ ခေါင်းဆောင်များ၏ မျှော်မှန်းချက်ဖြစ်သည့် အဏ္ဏဝါစီးပွားရေးတွင် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ရန် သဘောတူညီခဲ့ကြောင်း ပြန်ပြောင်းပြောကြားခဲ့ပြီး ပင်လယ်သမုဒ္ဒရာကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်နှင့် ဆန်းသစ်တီထွင်မှုတို့၏ အဓိကမောင်းနှင်စွမ်းအားအဖြစ် ထိန်းသိမ်းနိုင်ရန် ပင်လယ်သမုဒ္ဒရာ ရေရှည်တည်တံ့မှုနှင့် စည်းမျဉ်းကို အခြေခံသည် ပင်လယ်ပြင်အုပ်ချုပ်မှုရှိရန် လိုအပ်ကြောင်းတို့ကို အလေးထားပြောကြားခဲ့ပါသည်။ ထို့နောက် ပင်လယ်နှင့်ဆိုင်သော ဂေဟစနစ်ထိန်းသိမ်း ခြင်း၊ ပင်လယ်သယံဇာတ အရင်းအမြစ်များကို စဉ်ဆက်မပြတ် အသုံးချနိုင်ခြင်းနှင့် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် အဏ္ဏဝါစီးပွားရေးတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လာသူများအား အဖွဲ့ဝင်နိုင်ငံများအားလုံး အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်နယ်ပယ်များကို ခွဲခြားသတ်မှတ်သွားရန်နှင့် အဏ္ဏဝါစီးပွားရေးတွင် အာဆီယံ-တရုတ် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက်လက် ဆောင်ရွက်သွားနိုင်ရန်အတွက် တူညီဆန္ဒကို အခြေပြု၍ဆွေးနွေးကြရန် တိုက်တွန်းမှာကြား ခဲ့ပါသည်။

ဆွေးနွေးပွဲ၌ တက်ရောက်လာကြသူများက အဏ္ဏဝါစီးပွားရေးဆိုင်ရာ မူဝါဒများ၊ အယူအဆများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပြီး အာဆီယံ-တရုတ် အဏ္ဏဝါစီးပွားရေး မိတ်ဖက်ဆက်ဆံရေးနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရေးအတွက် အလားအလာရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေဆွေးနွေးကြခြင်းဖြင့် အတွေ့အကြုံကောင်းများကို မျှဝေခဲ့ကြပါသည်။ မြန်မာနိုင်ငံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သော်သော်ဟန်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုး တို့ကလည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ စိန်ခေါ်မှုများနှင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ အလားအလာရှိသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။

ပိတ်ပွဲအခမ်းအနား၌ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် နှင့် အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Deng Xijun တို့က နိဂုံးချုပ်မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြပါသည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် ဂျကာတာဖိုရမ် ဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ပေးသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးရာမူဝါဒအသိုက်အဝန်း နှင့် တက်ကြွစွာ ပါဝင်ဆွေးနွေးပေးကြသည့် ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဂျကာတာဖိုရမ်များကို အောင်မြင်စွာ ကျင်းပခဲ့ခြင်းအား ပြန်ပြောင်းပြောကြားခဲ့ပြီး တတိယအကြိမ် ဂျကာတာဖိုရမ်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံမှ အဏ္ဏဝါ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ လုပ်ငန်းစဉ်များ နှင့် အဏ္ဏဝါစီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအကြား ဆက်နွယ်မှုအပေါ် ဆွေးနွေးမှု၏ တိုးတက်မှုများကို အားရ ကျေနပ်စွာ မှတ်သားပြောကြားခဲ့ပြီး သက်ဆိုင်ရာ အာဆီယံဦးဆောင်သည့် ယန္တရားများမှ တစ်ဆင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ အာဆီယံ-တရုတ် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရေး ရှေ့ဆက်ဆောင်ရွက်သွားရန် တာဝန်ရှိသူများနှင့် ပညာရှင်များအား အားပေး တိုက်တွန်းခဲ့ပါသည်။