
(၈-၉-၂၀၂၂ ရက်၊ နေပြည်တော်)
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိ
အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအပါအဝင်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီ (၄) ခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် ဆက်လက် အကောင်အထည်ဖော်ရန် ကိစ္စရပ်များကို ဆောင်ရွက်နေကြောင်း၊ တိုးတက်မှုရလဒ်များကို နိုင်ငံတကာသို့ ပြသနိုင်ရမည်ဖြစ် ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအပါအဝင် အသိုက်အဝန်းများ၏ လူနေမှုဘဝ အမှန်တကယ် အဆင်ပြေချောမွေ့စေရေးအတွက် လက်တွေ့တွင် လုပ်ဆောင်ပေးရန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပြောကြား
ဆက်လက်၍ ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက ရခိုင်ပြည်နယ်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် နိုင်ငံကာအဖွဲ့အစည်းများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ နေရပ်စွန့်ခွာသူများ စိစစ်လက်ခံပြီးနောက် ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအပါအဝင် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကိုလည်းကောင်း၊ တွဲဘက်အတွင်းရေးမှူးဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ သတင်းမှန်ပြန်ကြားရေး၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွက် အကူအညီများကို ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများထံမှ ရယူရာတွင် မိမိတို့ လိုအပ်ချက်နှင့်အညီ ရယူ၍ မြေပြင်တွင် လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

