
(၁၉-၉-၂၀၂၂ ရက်၊ ရန်ကုန်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များနှင့် အမှုဆောင်အဖွဲ့ဝင်များတို့ တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံ တကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၁၉-၉-၂၀၂၂ရက် (တနင်္လာနေ့)၊ (၁၃:၃၀)နာရီ အချိန်တွင်ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့အပါအဝင် ဒေသတွင်း အဖွဲ့အစည်းများ နှင့်လတ်တလောပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ကို ဖွဲ့စည်းထားရှိသည့် ရည်ရွယ်ချက်များ၊ နာယကအဖွဲ့၊ ဝါရင့်အကြံပေးအဖွဲ့နှင့် အမှုဆောင် အဖွဲ့ဝင် များတို့အနေဖြင့် လုပ်ငန်းတာဝန်အသီးသီးကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေး အဖွဲ့အနေဖြင့် ပညာရှင်များရှုထောင့်၊ သံတမန်နည်းလမ်းသွယ်-၂ မှ နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွားရေးစသည့် ကဏ္ဍစုံတွင် မိမိနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် အကြံဉာဏ်များ၊ သုံးသပ်ချက်များကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်ဖော်ထုတ်၍ အကြံပြုတင်ပြသွားနိုင်ရေး တို့ကိုပြည်ထောင်စုဝန်ကြီးက တိုက်တွန်းမှာကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်က မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝါရင့်အကြံပေးအဖွဲ့ဝင်များနှင့် အမှုဆောင်အဖွဲ့ဝင်များတို့မှ အကြံပြုဆွေးနွေးတင်ပြခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌဦးသန့်ကျော်၊ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

