(၂၇-၂-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနက “နိုင်ငံခြားရေးမူဝါဒဖြင့် အမျိုးသားအကျိုး စီးပွားကိုဖော်ဆောင်ခြင်း”(Advancing National Interests through Foreign Policy) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် (သောကြာနေ့) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာ၌ ယခု ဆွေးနွေးပွဲကို လက်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိကြီးများ၊ ဝါရင့် သံတမန် ကြီးများ၊ ပါမောက္ခပညာရှင်များထံမှ အတွေ့အကြုံများမျှဝေပေးခြင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ သုတေသနပြုမှုအလေ့အထနှင့် တွေးခေါ်မှုများ တိုးတက်စေရန် နှင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည် ဖော်ရာတွင် မှန်ကန်သည့် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်သွားနိုင်ရန် အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနသာမက ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးသည်လည်း အထူးအရေးကြီးပါကြောင်း၊ ယခု ကျင်းပသည့် ဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးအတွက် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို လေ့လာသုံးသပ်၍ စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် ကောင်းမွန်သည့် အကြံပြုချက်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်းများအနေဖြင့် မျက်မှောက်ခေတ်ပထဝီနိုင်ငံရေးအခင်းအကျင်းများ၊ နည်းပညာဖွံ့ဖြိုးမှုနှင့်အတူ ပြောင်းလဲလာသည့် ဒေသတွင်းနှင့် နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုများ၊ ပြည်တွင်း ပကတိအခြေအနေများ၊ လက်ရှိ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပိုမိုသိရှိနားလည်စေရန်နှင့် နိုင်ငံတကာဆက်ဆံရေးတွင် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရေးအတွက် နည်းလမ်းများဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ပထမပိုင်းတွင် အမျိုးသားအကျိုးစီးပွားနှင့် ပထဝီနိုင်ငံရေးဆက်နွယ်မှု၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လေ့လာဆန်းစစ်မှု၊ နိုင်ငံတကာဆက်ဆံရေးတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍ၊ လက်ရှိအမျိုးသားအကျိုးစီးပွားဆိုင်ရာ ဦးစားပေးမှုများတို့ကို ညွှန်ကြားရေးမှူးချုပ် များနှင့်ပါမောက္ခ ပညာရှင်များက ဆွေးနွေးခဲ့ပါသည်။
ဒုတိယပိုင်းတွင် နိုင်ငံတကာ၌ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ကာကွယ်မြှင့်တင် ရေးနှင့်ပတ်သက်၍ လက်တွေ့ဆောင်ရွက်ခဲ့သော ဝါရင့်သံအမတ်ကြီးများက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား သံခင်းတမန်ခင်းအတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသူများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အုပ်စုများခွဲကာ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။











