ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ Museum of Illusions တွင် ဥရောပပါလီမန်အမတ် Mr. Ondřej Dostál နှင့် ဘရပ်ဆဲလ်မြို့တော်ကောင်စီဝင် Mr. Nasir Mohammad တို့ ပူးတွဲ၍ ၁၃-၇-၂၀၂၆ ရက်တွင် ကျင်းပသော “နယ်စည်းမခြား ဆိုက်ဘာရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးအတွက် ဥရောပသမဂ္ဂ–အာရှ ပူးပေါင်းဆောင်ရွက်မှု” ဆွေးနွေးပွဲသို့ ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဒေါက်တာခင်သီတာအေးနှင့် ဘာသာရပ်တာဝန်ခံ အရာရှိများသည် ဥရောပပါလီမန်အမတ်အချို့၊ ဘရပ်ဆဲလ်မြို့အခြေစိုက် သံရုံးများနှင့် အဖွဲ့ရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ဆိုက်ဘာလုံခြုံရေးနှင့် ဥပဒေရေးရာကျွမ်းကျင်ပညာရှင်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Ambassador Fei Shengchao နှင့် မြန်မာသံအမတ်ကြီး ဒေါက်တာခင်သီတာအေးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီးက အွန်လိုင်းရာဇဝတ်မှုများ နှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံက အလေးထားဆောင်ရွက်နေမှု၊ အွန်လိုင်းရာဇဝတ်မှုများ၏ နယ်စပ်ဖြတ်ကျော်ဖြစ်ပွားသည့် သဘောသဘာဝကြောင့် ပူးပေါင်းဆောင်ရွက်မှုအရေးပါပုံကို 4 Rs ဖြစ်သည့် Reality (လက်ရှိဆိုက်ဘာပတ်ဝန်းကျင်၏ အခြေအနေမှန်ကို နားလည်သိရှိခြင်း)၊ Risks (ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင် ဖော်ထုတ်သတ်မှတ်ခြင်း)၊ Response (ညှိနှိုင်းပူးပေါင်းတုံ့ပြန်ဆောင်ရွက်ခြင်း) နှင့် Resilience (လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် လူမှုအသိုက်အဝန်းတို့၏ ကြံ့ခိုင်မှုကို တည်ဆောက်မြှင့်တင်ခြင်း) ကို အခြေခံ၍ ပူးပေါင်းတုံ့ပြန်မှု၏ အရေးပါမှုကို ဆွေးနွေးခဲ့ပါသည်။
တက်ရောက်လာသူများနှင့် အမြင်ဖလှယ်သည့် အစီအစဥ်တွင် မြန်မာသံရုံးမှ ဖြည့်စွက်ဆွေးနွေးရာ၌ နယ်စပ်ဒေသများ၌ အမြစ်ပြတ်နှိမ်နင်းနိုင်ရေးနှင့် ပြည်တွင်းသို့ ပျံ့နှံ့ဝင်ရောက်မှု မရှိစေရေးအတွက် မူဝါဒများချမှတ်ကာ ဆောင်ရွက်နေမှု၊ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူလျက်ရှိမှု၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံပေါင်း (၅၂) နိုင်ငံမှ နိုင်ငံခြားသား (၆၈,၀၀၀) ကျော်ကို သက်ဆိုင်ရာနိုင်ငံများသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် စနစ်တကျပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့ခြင်း၊ အွန်လိုင်းလိမ်လည်မှုများ၏ အဓိကအခြေစိုက်ရာဒေသများတွင် တရားမဝင် အဆောက်အအုံများစွာကို ဖြိုချပိတ်သိမ်းနိုင်ခဲ့ခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဥရောပနှင့် အာရှနိုင်ငံများအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများအဖြစ် ဒစ်ဂျစ်တယ်မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး၊ ဆိုက်ဘာမှုခင်းစုံစမ်းစစ်ဆေးရေး၊ ငွေကြေးထောက်လှမ်းရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် သတင်းအချက်အလက်ဖလှယ်ရေး စသည့်ကဏ္ဍများကို အကြံပြုခဲ့ပါသည်။


