(၁၆-၄-၂၀၂၃ ရက်၊ နန်နင်း)
နန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ၁၆-၄-၂၀၂၃ ရက်နေ့၊ (၁၁၀၀)နာရီမှ (၁၄၀၀)နာရီအထိ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ပရဝဏ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နှစ်သစ်ကူးမြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော်သို့ ကွမ်ရှီးဒေသ နိုင်ငံခြားရေးရုံး နှင့် နန်နင်းမြို့ နိုင်ငံခြားရေးရုံးတို့မှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ နန်နင်းမြို့အခြေစိုက် အာဆီယံ(၅)နိုင်ငံမှ ကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များ၊ ကွမ်ရှီးဒေသ တရုတ် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးမြှင့်တင်မှုကောင်စီ (CCPIT) မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး (CAEXPO)မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နန်နင်းမြို့ရှိ တက္ကသိုလ်များ၊ ဆေးရုံများမှ အဆင့်မြင့်အရာရှိကြီးများ၊ သတင်း စာနယ်ဇင်းများ၊ မီဒီယာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာပြည်ဖွားတရုတ်နိုင်ငံသားများနှင့် နန်နင်းမြို့ရှိ တက္ကသိုလ်များ၌ ပညာသင်ကြားနေကြသော မြန်မာနိုင်ငံသားကျောင်းသား/သူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းမှ မြန်မာရိုးရာသင်္ကြန်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဓိကဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။




ထို့နောက် နန်နင်းမြို့ရှိ Guangxi Medical University တွင် ပညာသင်ကြားနေသော မြန်မာ ကျောင်းသား/သူလေးများမှ မြန်မာ့သင်္ကြန်ယဉ်ကျေးမှုသီချင်း၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းကြကာ မြန်မာရိုးရာအစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ သင်္ကြန်ရိုးရာအစားအစာများ ဖြစ်သည့် ဆီထမင်း၊ မုန့်လုံးရေပေါ်၊ သာကူ၊ ကျောက်ကျောတို့ဖြင့် တည်ခင်းဧည့်ခံ၍ မြန်မာ့ရိုးရာသင်္ကြန်သဘင်ပွဲတော်၊ မြန်မာ့ရိုးရာအစားအစာတို့နှင့် မိတ်ဆက်ပေးခဲ့ပြီး ကွမ်ရှီးဒေသမှ အစိုးရဌာနများနှင့် ထိတွေ့ ရင်းနှီးမှု ရယူကာ နှစ်သစ်ကူးမြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။

