(၂၄-၃-၂၀၂၃ ရက်၊ နန်နင်း)
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စများပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Party Leadership Group of Administration for Rural Revitalization အဖွဲ့ဝင်နှင့် Foreign Capital Project Development Center ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Deng Miaohong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်း အား ၂၄-၃-၂၀၂၃ ရက်၊ ၁၅၃၀ နာရီတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာကောင်စစ်ဝန်ချုပ်မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ဆင်းရဲနွမ်းပါးမှုပပျောက်ရေး စီမံကိန်းအချို့နှင့် ဆောင်ရွက်နေသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများမှ ကျောင်းသားများအား ကာလ တို/ရှည် ပညာသင်ဆုများ ပေးအပ်ရေး၊ သင်ကြားပေးနေသည့် ဆရာ/ဆရာမများအား သင်တန်း များ ပို့ချပေးရေး၊ ကျေးလက်ဒေသများတွင် ဆိုလာမီး ရရှိရေး၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် အညာဒေသများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာများ/သင်တန်းများ အကူအညီပေးရေး၊ တရုတ်နိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခဲ့သော စံပြကျေးရွာများသို့ မြန်မာနိုင်ငံ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်အဖွဲ့များ လာရောက်လေ့လာနိုင်ရေးတို့အတွက် ဆွေးနွေးပြောကြားခဲ့ရာ Mr. Deng Miaohong က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။


