နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူး၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးပွဲ ကျင်းပ (၉-၆-၂၀၂၆၊ နန်နင်း)

နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့မြှင့်တင်နိုင်ရေးကို အလေးထားလျက် “တရုတ်(ကွမ်ရှီး)-မြန်မာကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးပွဲနှင့် စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ခြင်း ၂၀၂၆” ကို နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူး၍ ၉-၆-၂၀၂၆ ရက် နံနက်ပိုင်းတွင် နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲဗဟိုဌာန(NICEC)၌ ကျင်းပခဲ့ရာ ကွမ်ရှီးစီးပွားရေးဌာန၊ တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်ရေး မြှင့်တင်ရေး ကောင်စီ(ကွမ်ရှီး) ကော်မတီ၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးချုပ်ရုံးနှင့် ကွမ်ရှီး ဈေးကွက် ကြီးကြပ်ရေး စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ လုပ်ငန်းရှင်များနှင့် ထင်ရှားသော စီးပွားရေးကုမ္ပဏီများ တက်ရောက်ခဲ့ကြပါ သည်။
မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ အစိုးရသစ်သည် ဦးစားပေး ပို့ကုန်များကို နှစ်ဆတိုးမြှင့်ရန် ရည်မှန်းထားပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့သွားလိုပါကြောင်း၊ နန်နင်းမြို့ကို ဗဟိုပြုထားသည့် ကွမ်ရှီးဒေသသည် အာဆီယံဈေးကွက်များကို တရုတ်နိုင်ငံနှင့် ဆက်သွယ် ပေးသော မရှိမဖြစ်လိုအပ်သည့် တံတားတစ်စင်းအဖြစ် အရေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ ခွင့်ပြုထားသော ဆန်၊ ကော်ဖီ၊ ရော်ဘာနှင့် ပင်လယ်စာစသည့် အရည်အသွေးမြင့် ထုတ်ကုန်များကို တင်ပို့ရန် အသင့်ရှိနေပါကြောင်း၊ ထို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သတ္တုတူးဖော်ရေး၊ စက်မှုဇုန် များ၊ e-bike တပ်ဆင်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ဉာဏ်ရည်တု (AI) ကဏ္ဍ များတွင်လည်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖိတ်ခေါ်လျက်ရှိပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)နှင့် လယ်ယာစိုက်ပျိုးရေးကို ကိုယ်စားပြုသော ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ယုံကြည်မှုရှိရှိ တင်ပြကြရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် တံခါးဖွင့်ထားကြရန် တိုက်တွန်းခဲ့ပြီး မြန်မာကောင်စစ်ဝန်ရုံးမှလည်း အပြည့်အဝ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီးပွားရေးသံမှူးက မြန်မာနိုင်ငံ၏လက်ရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို အသေးစိတ် ရှင်းလင်းတင်ပြခြင်း၊ မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလိုသည့်ကိစ္စများကို ရှင်းလင်းတင်ပြခြင်းနှင့် နန်နင်းအကောက် ခွန်ဌာနက တက်ရောက်လာသူများအား နှစ်နိုင်ငံကုန်သွယ်မှုအတွက် အရေးပါသော ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ဈေးကွက်ဝင်ရောက်ခွင့်နှင့် အကောက်ခွန် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ ဗဟုသုတများဖြင့် တင်ပြရှင်းလင်းခဲ့ပါသည်။
ထို့နောက် စီးပွားရေးလုပ်ငန်းအချင်းချင်း (B2B) ချိတ်ဆက်မှု အစီအစဉ်ကို ကျင်းပ၍ နှစ်နိုင်ငံစလုံးမှ လုပ်ငန်းရှင်များအား တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။