(၂၇-၁၁-၂၀၂၅ ရက်၊ နန်နင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပိုင်ဆဲ့မြို့၌ ၂၃-၁၁-၂၀၂၅ ရက်မှ ၂၄-၁၁-၂၀၂၅ ရက်အထိ ကျင်းပပြုလုပ်သော 2025 Guangxi Culture and Tourism Development Conference နှင့် ၂၅-၁၁-၂၀၂၅ ရက်မှ ၂၆-၁၁-၂၀၂၅ ရက်အထိ နန်နင်းမြို့အခြေစိုက် သံတမန်များ၏ ပိုင်ဆဲ့မြို့လေ့လာရေးခရီးစဉ်သို့ နန်နင်းမြို့၊ မြန်မာ ကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်ခဲ့ပါသည်။
ကောင်စစ်ဝန်ချုပ်သည် ၂၄-၁၁-၂၀၂၅ ရက်တွင် ကျင်းပသော 2025 Guangxi Culture and Tourism Development Conference ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ကွမ်ရှီး CPC ပါတီအတွင်းရေးမှူး Mr. Chen Gang၊ ကွမ်ရှီးဒေသအုပ်ချုပ်ရေးမှူး Mr. Wei Tao၊ ကွမ်ရှီး ဒေသဒုတိယအုပ်ချုပ်ရေးမှူး Mr. Hu Fan၊ ကွမ်ရှီးဒေသ CPC ပါတီပြန်ကြားရေးကော်မတီဥက္ကဋ္ဌ Ms. Chen Yijun၊ ဗီယက်နမ်နိုင်ငံ၊ Cao Bang ပြည်နယ်၊ စက်မှုနှင့်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး Mr. Pham Xuan Thong၊ နန်နင်းမြို့အခြေစိုက် လာအိုကောင်စစ်ဝန်ချုပ်၊ ကမ္ဘောဒီးယားကောင်စစ်ဝန်၊ ဗီယက်နမ်ကောင်စစ်ဝန်၊ ကွမ်ရှီးဒေသနှင့် ပိုင်ဆဲ့မြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနများမှ အစိုးရအရာရှိကြီးများနှင့် တာဝန်ရှိသူများစသည်ဖြင့် ဧည့်သည် (၄၀၀) နီးပါး တက်ရောက်ခဲ့ကြကာ ကွမ်ရှီး CPC ပါတီအတွင်းရေးမှူး Mr. Chen Gang နှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များက အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။ ကွန်ဖရင့်ကာလအတွင်း ကောင်စစ်ဝန်ချုပ်သည် ကွမ်ရှီးဒေသနှင့် ပိုင်ဆဲ့မြို့၏ ခရီးသွားမြှင့်တင်ရေးအစီအစဉ်များသို့ ပါဝင်ဆင်နွှဲခဲ့ပါသည်။
ထို့ပြင် ကောင်စစ်ဝန်ချုပ်သည် ကွမ်ရှီးဒေသနိုင်ငံခြားရေးရုံးမှ ကြီးမှူးစီစဉ်သည့် ၂၅-၁၁-၂၀၂၅ ရက်မှ ၂၆-၁၁-၂၀၂၅ ရက်အထိ နန်နင်းမြို့အခြေစိုက်သံတမန်များ၏ ပိုင်ဆဲ့မြို့ လေ့လာရေးခရီးစဉ်သို့ ဆက်လက်လိုက်ပါခဲ့ကာ ပိုင်ဆဲ့အမျိုးသားစိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာ စိုက်ခင်းဇုန်၊ Guangxi Baikuang New Material Technology Co. Ltd၊ Guangxi CRRC New Energy Equipment Co. Ltd၊ သဲပေါင်စီရင်စုမြို့မြင်းပုမွေးမြူရေးဇုန်၊ လင်းယွန်ဟောင်ခွန် ရေကန်နှင့် လင်းယွန် ကော်ကျင်း လက်ဖက်လုပ်ငန်းတို့သို့ သွားရောက်ကာ ပိုင်ဆဲ့မြို့၏ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာခဲ့ပါသည်။
*****************************


