(၃-၁၁-၂၀၂၅ ရက်၊ ဟွိုင်ဟွ)
ဟူနန်ပြည်နယ်၊ ဟွိုင်ဟွမြို့၌ ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် “Hunan (Huaihua)-ASEAN Industrial and Supply Chain Matchmaking Conference” သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနား၌ ဟွိုင်ဟွမြို့နယ်တရုတ်ကွန်မြူနစ်ပါတီကော်မတီအဖွဲ့ဝင်နှင့် ဒုတိယ မြို့တော်ဝန်ဖြစ်သူ Mr. Zou Xingwang၊ နန်နင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း၊ ဟူနန်ပြည်နယ် တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ Ms. Yang Aiyun နှင့် ဟွိုင်ဟွမြို့နယ်တရုတ်ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူး Mr. Xu Zhongjian တို့က အဖွင့်အမှာစကားများအသီးသီးပြောကြားခဲ့ကြပါသည်။
ကောင်စစ်ဝန်ချုပ်က အမှာစကားပြောကြားရာတွင် စက်မှုနှင့်ထောက်ပံ့ရေးကွင်းဆက် များ ခိုင်မာအားကောင်းခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက်သာမက ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုမြှင့်တင်ရန်အတွက်လည်း အလွန် အရေးကြီးကြောင်း၊ ဟွိုင်ဟွမြို့သည် နိုင်ငံတကာကုန်းမြေ-ပင်လယ်ရေကြောင်း ကုန်သွယ်ရေး စင်္ကြံတစ်လျှောက် တရုတ်နိုင်ငံအလယ်ပိုင်းတွင် ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် ရထားလမ်းကုန်စည်ပို့ဆောင်ရေး ချိတ်ဆက်ထားသဖြင့် ဟွိုင်ဟွမြို့နှင့် အာဆီယံနိုင်ငံများအကြား ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အလားအလာများစွာရှိပါကြောင်း၊ ထို့အပြင် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ (CAFTA) version 3.0 ကို မကြာမီရက်ပိုင်းကပင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်၍ ယခုကဲ့သို့ စက်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍနှင့် ပတ်သက်သည့် ညီလာခံကို ဟွိုင်ဟွမြို့၌ ကျင်းပခြင်းသည် ဟူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်ပေါင်းစည်းမှုကို မြှင့်တင်ရန်အတွက် အချိန်ကိုက်ဖြစ်ပါကြောင်းနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့်လည်း ဟူနန်ပြည်နယ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အဆိုပါကွန်ဖရင့်သို့ ဟူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများမှ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်၌ ပါဝင်ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့်စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် များ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဟူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများ အကြား စက်မှုနှင့်ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ပိုမိုပေါင်းစည်းနိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။
ထို့ပြင် ခရီးစဉ်အတွင်း ကောင်စစ်ဝန်ချုပ်သည် China-ASEAN EXPO (CAEXPO) Secretariat ၏ အတွင်းရေးမှူးချုပ်အဖြစ်မှ ဟွိုင်ဟွမြို့၏ ယာယီမြို့တော်ဝန်အဖြစ် မကြာမီက ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သည့် Dr. Wei Zhaohui နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံနှင့် ဟွိုင်ဟွမြို့တို့အကြား အလားအလာရှိသော ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ကောင်စစ်ဝန်ချုပ်သည် ဟွိုင်ဟွမြို့ ရှိ လက်လီလက်ကားနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Jia Hui Group ကုမ္ပဏီသို့ သွားရောက်၍ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများ ဟွိုင်ဟွမြို့သို့ တင်ပို့ရောင်းချနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် “Hunan (Huaihua)-ASEAN Industrial and Supply Chain Matchmaking Conference” သို့ တက်ရောက်ခဲ့ခြင်း

