(၁၄-၅-၂၀၂၅ ရက်၊ နန်နင်း)
၁၄-၅-၂၀၂၅ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၊ Howard Hohnson CAEXPO Plaza ၌ ကျင်းပခဲ့သည့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wang Qihui နှင့် ယခုနှစ်ကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး (CAEXPO Secretariat) ၏ အတွင်းရေးမှူးချုပ် Dr. Wei Zhaohui ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ကွမ်ရှီးဒေသရှိ အစိုးရဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။ အဆိုပါအစည်းအဝေး၌ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ Mr. Wang Qihui က တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ၊ CAEXPO ပြပွဲကို တရုတ်နှင့် အာဆီယံနိုင်ငံများအကြားသာမက RCEP အဖွဲ့ဝင်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် လမ်းကြောင်းအဖြစ် ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် အာဆီယံနိုင်ငံများ၏ အစိုးရများအနေဖြင့် ကုန်စည်ပြပွဲကို ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ထိရောက်စွာ အသုံးချသွားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ China-ASEAN Expo Secretariat ၏ အတွင်းရေးမှူးချုပ် Dr. Wei Zhaohui က ၁၇-၉-၂၀၂၅ ရက်မှ ၂၁-၉-၂၀၂၅ ရက်အထိ ကျင်းပမည့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ယခုနှစ်ပြပွဲတွင် AI နှင့် အရည်အသွေးမြင့်လုပ်ငန်းသစ်များနှင့်ပတ်သက်သည့် ပြခန်းဆောင်များ ခင်းကျင်းပြသမည့်အခြေအနေများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ပါဝင်ပြသနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ CAEXPO ပလက်ဖောင်းမှတစ်ဆင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးအခြေခံ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်များ တရုတ်ဈေးကွက် ဝင်ရောက်နိုင်ရေးနှင့် မြန်မာ့အရည်အသွေးမြင့် ကျောက်မျက်ရတနာများ ခင်းကျင်းပြသနိုင်ရေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ AI နှင့်ဆက်စပ်သည့်လုပ်ငန်းများ ပါဝင်ပြသနိုင်ရေး အတွင်းရေးမှူးချူပ်ရုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ မြှင့်တင်ရေးကွန်ဖရင့်များ၊ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာနိုင်ငံအလိုက် ပြပွဲ၌ ပါဝင်ပြသမည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။

