(၁၅-၂-၂၀၂၃ ရက်၊ နန်နင်း)
နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းသည် China-ASEAN Mercantile Exchange (CAMEX) ဥက္ကဋ္ဌဖြစ်သူ Ms. Bebe Zhao ၏ ဖိတ်ကြားချက်အရ ၁၄-၂-၂၀၂၃ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်သည် ရှေးဦးစွာ အာဆီယံနိုင်ငံများမှ ထွက်ကုန်များကို စီစဉ်ပြသ ထားသည့် CAMEX ၌ မြန်မာနိုင်ငံပြခန်းအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ ပြခန်းများကိုလည်း ကြည့်ရှုလေ့လာခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်နှင့် CAMEX ဥက္ကဋ္ဌဖြစ်သူ Ms. Bebe Zhao တို့ တွေ့ဆုံဆွေးနွေးစဉ် Ms. Bebe Zhao မှ ၁၃-၂-၂၀၂၃ ရက်က ကွမ်ရှီးဒေသကွန်မြူနစ်ပါတီကော်မ တီ အတွင်းရေးမှူး (ဝန်ကြီးအဆင့်) Mr. Liu Ning နှင့်အဖွဲ့သည် အာဆီယံနိုင်ငံပြခန်းများသို့ လာရောက်ကြည့်ရှုစဉ် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ်ပြသထားသည့် မြန်မာ့စောင်းနှင့် ဆွမ်းအုပ်တို့ကို စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ပါကြောင်းနှင့် CAMEX တွင် မြန်မာ့ထွက်ကုန်ပစ္စည်းများနှင့် အစားအစာများကို ပိုမို ပြည့်စုံစွာ မိတ်ဆက်ပြသနိုင်ရန်အတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်မှ နန်နင်းမြို့တွင် မြန်မာအစားအသောက်ကို မိတ်ဆက်ပြသလိုသူ၊ ပြပွဲ၊ အခမ်းအနားများ ကျင်းပလိုသူများအတွက် CAMEX မှ ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင် မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



