နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်က ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ(၂၅-၈-၂၀၂၃ ရက်)

(၂၅-၈-၂၀၂၃ ရက်၊ နန်နင်း)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး Ms. Lian Yin အား  ၂၅-၈-၂၀၂၃ ရက်နေ့၊ (၁၆၀၀)နာရီတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကာ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထိုသိုတွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်က မြန်မာအစိုးရက နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို (၆) လ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရေး၊ စီးပွားရေးတိုးတက်ရေးတို့အပါအဝင် ဒီမိုကရေစီဖော်ဆောင်ရေးကြိုးပမ်းနေမှုများ၊ မိုခါမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရသည့်ဒေသများနှင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းနေမှုများကို ဆွေးနွေးခဲ့ရာ ညွှန်ကြားရေးမှူး Ms. Lian Yin က  မိမိတို့အနေဖြင့်  မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများကြောင့် သေဆုံးမှုများ၊ ဆုံးရှုံးမှုများနှင့် မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် စာနာထောက်ထားပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်ကို သိရှိပါကြောင်း၊ အရေးပေါ်ကာလပြီးဆုံးကာ နိုင်ငံပုံမှန်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ လျင်မြန်စွာ ရောက်ရှိစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသအကြား ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။