(၉-၁၀-၂၀၂၆၊ သည်ဟိတ်ဂ်)
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး/ သံရုံးယာယီတာဝန်ခံ ဒေါက်တာခင်သီတာအေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ဆိုင်ရာ အဖွဲ့အစည်း (Organisation for the Prohibition of Chemical Weapons – OPCW) ၏ ရုံးချုပ်၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် OPCW အမှုဆောင်ကောင်စီ၏ (၁၁၃) ကြိမ်မြောက်အစည်းအဝေးသို့ လေ့လာသူ (Observer) အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် OPCW အဖွဲ့ဝင်နိုင်ငံများက ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (Chemical Weapons Convention – CWC) အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဓာတုလက်နက်ဖျက်သိမ်းရေးနှင့် စစ်ဆေးအတည်ပြုရေးလုပ်ငန်းများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဓာတုအကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ ဉာဏ်ရည်တု (Artificial Intelligence – AI) နှင့် နည်းပညာအသစ်များကို ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် တာဝန်ယူမှုရှိစွာ အသုံးချရေးတို့အပါအဝင် စာချုပ်ပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးက အထွေထွေမူဝါဒရေးရာမိန့်ခွန်း ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် CWC ကို အပြည့်အဝ၊ ထိရောက်စွာနှင့် ခွဲခြားမှုမရှိဘဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် ခိုင်မာသည့်ကတိကဝတ်ရှိမှုနှင့် အမျိုးသားအဆင့် အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့ National Authority for the Implementation of the Chemical Weapons Convention (CWC-NA) မှတစ်ဆင့် OPCW နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုတို့ကို အလေးထားပြောကြားခဲ့ပါသည်။ ထို့ပြင် ဓာတုလက်နက်ကင်းစင်သည့် ကမ္ဘာကြီးတည်ဆောက်ရေး၊ ဓာတုဗေဒကို ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် အသုံးချရေးနှင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နည်းပညာနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာအကူအညီနှင့် သင်တန်းအစီအစဉ်များကို ပိုမိုအားကောင်းစေရန် အရေးကြီးကြောင်း ဆွေးနွေးခဲ့ပြီး OPCW အဖွဲ့ဝင်နိုင်ငံများနှင့် အတွင်းရေးမှူးရုံး (Technical Secretariat) တို့နှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါသည်။


