မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဒေါက်တာခင်သီတာအေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်ဆိုင်ရာ အဖွဲ့အစည်း (OPCW) ၏ ရုံးချုပ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် OPCW အမှုဆောင်ကောင်စီ၏ (၁၁၂) ကြိမ်မြောက်အစည်းအဝေးသို့ Observer အဖြစ် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် OPCW အဖွဲ့ဝင်နိုင်ငံများက သက်ဆိုင်ရာနိုင်ငံအလိုက် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (CWC) ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ OPCW နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေအနေများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဓာတုအကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ ဉာဏ်ရည်တု (AI) အပါအဝင် နည်းပညာသစ်များကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် အသုံးချရေး၊ OPCW Technical Secretariat တွင် ကျား-မ မျှတမှု (Gender Balance)နှင့် ဒေသတွင်းကိုယ်စားပြုနိုင်မှု (Geographical Representation) အတွက် ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ဓာတုလက်နက်တားဆီးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးက အထွေထွေမူဝါဒရေးရာမိန့်ခွန်း ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (CWC) ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ခိုင်မာသောကတိကဝတ်ရှိပြီး OPCW ၏ လုပ်ငန်းအစီအစဉ်များနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာပါဝင်လျက်ရှိပါကြောင်း၊ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် အမျိုးသားအဆင့် အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့ (CWC-NA) ဖွဲ့စည်း၍ နှစ်စဉ်ကြေညာတင်သွင်းရမည့် အချက်အလက်များကို ပုံမှန်တင်သွင်းလျက်ရှိပါကြောင်း၊ OPCW ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီပေးရေး အစီအစဉ်များမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ဆက်လက်အားပေးသင့်ပါကြောင်း၊ ဉာဏ်ရည်တု (AI) နှင့် နည်းပညာသစ်များကို ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် အသုံးချနိုင်ရေးနှင့် ဓာတုလုံခြုံရေးနှင့် ဓာတုအကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် OPCW ၏ ဆောင်ရွက်မှုများကို ကြိုဆိုပါကြောင်း၊ ဓာတုလက်နက်ကင်းစင်သည့် ကမ္ဘာကြီးဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် OPCW Technical Secretariat တို့နှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။



