ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး (၂၀၀၃ ကွန်ဗင်းရှင်း) အဖွဲ့ဝင်နိုင်ငံများ၏ အထွေထွေညီလာခံကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်မှ ၁၈ ရက်အထိ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ယူနက်စကို ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ အထွေထွေညီလာခံအတွင်း ၂၀၂၆-၂၀၃၀ သက်တမ်းအတွက် လစ်လပ်လျက်ရှိသော အစိုးရချင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကော်မတီဝင်များ၏ လစ်လပ်နေရာအတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ကော်မတီ၏ အကြံပေးများအဖြစ် ခန့်အပ်ရန် အသိအမှတ်ပြုရေးကိစ္စများ ဆွေးနွေးခြင်း၊ ကွန်ဗင်းရှင်းအကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များကို ဆွေးနွေးခြင်း၊ ICH Fund အသုံးပြုမှုနှင့် ပတ်သက်၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ညီလာခံကာလအတွင်း ဗီယက်နမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် ယူနက်စကိုဆိုင်ရာ အမျိုးသားကော်မရှင်ဥက္ကဋ္ဌ H.E. Mr. Ngo Le Van ချီးမြှင့် တက်ရောက်ဖွင့်လှစ်သော ယူနက်စကိုဆိုင်ရာ ဗီယက်နမ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ကျင်းပပြုလုပ်သည့် ဗီလက်နမ်နိုင်ငံ၏ ပထမဆုံးတက္ကသိုလ် “The Temple of Literature” (၁၀၇၆-၂၀၂၆) တည်ထောင်ခြင်း နှစ် (၉၅၀) ပြည့် အခမ်းအနားသို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်းကို လူမှုအသိုင်းအဝိုင်းအတွင်း ယဉ်ကျေးမှုအမွေအနှစ်များအား အသိအမှတ်ပြုသော အလေ့အကျင့်များ၊ ကိုယ်စားပြုမှုများ၊ အသိပညာနှင့် ကျွမ်းကျင်မှုများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ (၃၂) ကြိမ်မြောက် ယူနက်စကို အထွေထွေညီလာခံမှ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် စတင်အတည်ပြုခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ ကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ရေးထိုးထားသည့်အဖွဲ့ဝင်နိုင်ငံပေါင်း (၁၈၅) နိုင်ငံအထိ ရှိလာပြီဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်း အရ ၂၀၂၄ ခုနှစ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းသို့ အောင်မြင်စွာထည့်သွင်းနိုင်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၆ ခုနှစ်အတွက် “မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့” ကို လည်းကောင်း၊ ၂၀၂၇ ခုနှစ်အတွက် “မြန်မာ့လက်ဖက်ယဉ်ကျေးမှုဓလေ့” ကို လည်းကောင်း ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အဆိုပြုတင်သွင်းထားကြောင်း သိရှိရပါသည်။




