ဒုတိယအကြိမ်မြောက် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်မှုကောင်စီ-တရုတ် ထိပ်သီးအစည်းအဝေးတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် (၂၇-၅-၂၀၂၅ ရက်)

(၂၇-၅-၂၀၂၅ ရက်၊ ကွာလာလမ်ပူ)
 
 မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၇-၅-၂၀၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ-တရုတ် ထိပ်သီးအစည်းအဝေးတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါသည်။ 
 အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှု ကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အတွင်းရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး တီမောလက်စ်တေနိုင်ငံ၊ ဝန်ကြီးချုပ်က လေ့လာသူနိုင်ငံအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။
 ဒုတိယအကြိမ်မြောက် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီးအစည်းအဝေး၌ အာဆီယံနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ လုပ်ငန်းဆောင်ရွက်မှုမူဘောင် (၂၀၂၄-၂၀၂၈) အကောင်အထည်ဖော်မှုများကို ပြန်လည်သုံးသပ်၍ လွတ်လပ်စွာ ကုန်သွယ်ရေး၊ စားသောက်ကုန်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုနှင့် ဒစ်ဂျစ်တယ် ပေါင်းစပ်ဆက်သွယ်မှု မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ-တရုတ် ထိပ်သီးအစည်းအဝေးကို “Synergising Economic Opportunities towards Shared Prosperity” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး၊ အရှေ့တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပေါင်းစပ်ဆက်သွယ်မှု၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍတို့ မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။ 
 
****************************