ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက UNHCR ၏ လက်ထောက်မဟာမင်းကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (၉-၁၁-၂၀၂၃ ရက်)

(၉-၁၁-၂၀၂၃ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းစဉ်နှင့် UNHCR နှင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ဗန်ကောက်မြို့အခြေစိုက် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး၊ နယူးယောက်မြို့အခြေစိုက် UNHCR ဆက်ဆံရေးရုံး၏ ညွှန်ကြားရေးမှူး၊ ဗန်ကောက်မြို့အခြေစိုက် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၏ အကြီးတန်းနိုင်ငံရေးရာအရာရှိ၊ ရန်ကုန်မြို့အခြေစိုက် UNHCR ရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်နှင့် ပြင်ပ ဆက်ဆံရေးအရာရှိတို့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။