(၂၄-၇-၂၀၂၅ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Chen Xiaodong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၄-၇-၂၀၂၅ ရက် ၊ ၀၉၃၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ တွေ့ဆုံဆွေးနွေး ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေနှင့်မြန်မာအစိုးရနှင့် CIDCA တို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည့် ကိစ္စတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ယင်းသို့ ဆွေးနွေးရာတွင် ဆောက်လုပ်ရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကဏ္ဍတို့၌ ဦးစားပေးအကောင်အထည်ဖော်လိုသည့် စီမံကိန်းများကို အလေးပေး၍ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန်နှင့် မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်မှု အရှိန်အဟုန်ကိုဆက်လက်မြှင့်တင်သွားရေး နှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီမှ ကောင်စီဝင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး Ms. Ma Jia ၊ CIDCA မှ အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ တရုတ်သံရုံးမှ သံတမန်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဥက္ကဋ္ဌတို့မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တရုတ် နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဥက္ကဋ္ဌတို့မှ တရုတ်-မြန်မာ ချစ်ကြည် ရေးအဆင့်မြင့်အထူးကုဆေးရုံကြီးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဖြစ်နိုင်ခြေလေ့လာသုံးသပ်မှုအတွက် စာလွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။




