(၁၅-၅-၂၀၂၅ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer အား ၁၅-၅-၂၀၂၅ ရက်၊ ၁၃၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် UNOPS မှ ငလျင်ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့မှုအခြေအနေ၊ မြန်မာအစိုးရနှင့် UNOPS အကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

