ဒါကာမြို့တွင် ကျင်းပသည့်ASEAN Mini Bazaar ဈေးရောင်းပွဲတော်သို့ မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲ (၁၉-၃-၂၀၂၃ ရက်)

(၁၉-၃-၂၀၂၃ ရက်၊ ဒါကာ)

ASEAN-Dhaka Committee (ADC) နှင့် ASEAN Ladies Association (ALA) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ASEAN Mini Bazaar ဈေးရောင်းပွဲတော်ကို ၁၉-၃-၂၀၂၃ ရက်က ဒါကာမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ဒါကာမြို့ရှိ အာဆီယံသံရုံး မိသားစုများ၊ ဖိတ်ကြားထားသော အခြားသံရုံးများနှင့် ဧည့်သည်တော် စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ဈေးရောင်းပွဲတော် အခမ်းအနား ဖွင့်ပွဲ၌ Foreign Office Spouses Association (FOSA) ၏ ဉက္ကဋ္ဌ Mdm. Fahmida Zabeen Shoma (ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်၏ ဇနီး) က Chief Guest အဖြစ် လည်းကောင်း၊ ADC ၏ လက်ရှိ ဉက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Leo Tito L. Ausan, Jr နှင့် ALA ၏ လက်ရှိဉက္ကဋ္ဌ Mdm. Sinta Heru Subolo (အင်ဒိုနီးရှား သံအမတ်ကြီး၏ ဇနီး) တို့က လည်းကောင်း မိန့်ခွန်းများ အသီးသီး ပြောကြားခြင်း၊ Chief Guest ထံ ALA ဉက္ကဋ္ဌက ဂုဏ်ပြုပန်းစည်း ပေးအပ်ခြင်းနှင့် အခမ်းအနားကို ကြေးမောင်းတီး၍ ဖွင့်လှစ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် ဈေးပွဲတော်ကို (၁၀၀၀) နာရီမှ (၁၃၃၀) နာရီအထိ ကျင်းပခဲ့ရာ ဒါကာမြို့၊ မြန်မာသံရုံးမှ မြန်မာ့ရိုးရာ ဆီထမင်း၊ မုန့်ကြာစေ့နှင့် ငှက်ပျော်သီးရွှေကြည်ဆနွင်းမကင်း မုန့်များ ရောင်းချ ပါဝင်ဆင်နွှဲ ခဲ့ပြီး၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူးနိုင်း၊ စင်ကာပူသံရုံးတို့မှလည်း အစားအသောက်များ ရောင်းချခြင်း၊ အင်ဒိုနီးရှားသံရုံးမှ အစားအသောက်များနှင့် အင်ဒိုနီးရှားနိုင်ငံထုတ် အမှတ်တရ ပစ္စည်းအချို့ ပါဝင် ရောင်းချခဲ့ပါသည်။

ဈေးပွဲတော် ကျင်းပချိန်အတွင်း အင်ဒိုနီးရှားသံရုံးမှ အင်ဒိုနီးရှား ရိုးရာအကများဖြင့် ဖြေဖျော်တင်ဆက် ခဲ့ပြီး၊ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး ကလည်း ကမ္ဘာကျော် တေးသွားများကို Electric Guitar နှင့် Multi-Guitar Effects Processor တို့ အသုံးပြု၍ Guitar Solo တီးခတ်ဖြေဖျော်ခဲ့ကြောင်း သိရှိရပါသည်။