ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ (၅)ကြိမ်မြောက်အထွေထွေ ညီလာခံသို့ မြန်မာ သံအမတ်ကြီးပါဝင်တက်ရောက်

(၅-၂-၂၀၂၆ ရက်၊ ကူဝိတ်) ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Digital Cooperation Organization-DCO) ၏ (၅)ကြိမ်မြောက်အထွေထွေညီလာခံအစည်းအဝေးကို ကူဝိတ်မြို့၌ ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ DCO အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဌာနဆိုင်ရာအရာရှိကြီးများနှင့် DCO ၏ ဧည့်သည်နိုင်ငံ များမှ ကိုယ်စားလှယ်အဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများနှင့် DCO ၏ မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေး၊ ယင်းနှင့်တိုက်ဆိုင်၍ပြုလုပ်သည့် အခမ်းအနားများသို့ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် DCO ကောင်စီ၏ ဧည့်သည်နိုင်ငံ ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။ ဒစ်ဂျစ်တယ်စီးပွားရေးကို တပြေးညီတိုးတက်မှုရှိစေရေး၊ ဒစ်ဂျစ်တယ်ဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်နိုင်ရန် နိုင်ငံများကို အကူအညီပေးရေး စသည့်ရည်ရွယ် ချက်များဖြင့် DCO ကို ၂၀၂၀ပြည့်နှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၅ ခု နှစ်အထိ DCO အဖွဲ့ဝင်နိုင်ငံ (၁၆)နိုင်ငံရှိလာခဲ့ပြီဖြစ်ပါသည်။ ဒစ်တယ်စနစ်ပြောင်းလဲရေးတွင် အဖွဲ့ဝင်နိုင်ငံများသာမက အားလုံးပါဝင်လာရေးအတွက် DCO၏ကတိကဝတ်ကို အလေးထား ဖော်ပြလိုသည့်ရည်ရွယ်ချက်ဖြင့် ယခုနှစ်ပြုလုပ်သည့် အထက်ပါအခမ်းအနားများ၏ ခေါင်းစဉ် (Theme) ကို “Inclusive Prosperity in the Age of AI” ဟုသတ်မှတ်ထားပါသည်။ အစည်းအဝေး၌ ဒစ်ဂျစ်တယ်ရင်းနှီးမြုပ်နှံမှု၊ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းအစပျိုးမှုများအတွက် DCO ၏ ဆောင်ရွက်ချက်များကိုဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးအပြီး၌ DCO ကောင်စီ ၏ လက်ရှိအလှည့်ကျဥက္ကဌ ကူဝိတ်က ၎င်း၏တာဝန်ကို ပါကစ္စတန်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။