ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖွင့်လှစ်ထားရှိသော CI စခန်းသို့ ကောင်စစ်ဝန်ချုပ် သွားရောက်ကြည့်ရှု (၂၉-၈-၂၀၂၅ ရက်)

(၂၉-၈-၂၀၂၅ ရက်၊ ချင်းမိုင်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ထိုင်းနိုင်ငံရှိ ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ လန်ပန်း၊ လန်ဖွန်း၊ နန်၊ ဖရဲ့၊ ဥဿရာဒစ်၊ ဆူခိုထိုင်း ခရိုင်များနှင့် မဲဆောက်မြို့တို့တွင် ရောက်ရှိ အလုပ်လုပ်ကိုင်လျက်ရှိ သည့် မြန်မာနိုင်ငံသား အလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဖွင့်လှစ်ထားရှိ သော CI စခန်းသို့ ၂၉-၈-၂၀၂၅ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ကောင်စစ်ဝန်ချုပ် အား CI စခန်းတာဝန်ခံနှင့် ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး CI ထုတ်ပေးရေးလုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ကောင်စစ်ဝန်ချုပ်က CI စာအုပ် ရယူကြသည့် မြန်မာနိုင်ငံသားများ၏ အချက်အလက်များ မှန်ကန်မှုရှိရေးနှင့် CI ထုတ်ပေးရေး လုပ်ငန်းစဉ်များ လွယ်ကူ ချောမွေ့မြန်ဆန်မှုရှိစေရေးတို့ကို သေချာစွာဆောင်ရွက်ရန် အလေးပေး မှာကြားခဲ့ပြီး CI စခန်းတွင် လုပ်ကိုင်လျက်ရှိသည့်ဝန်ထမ်းများ၏ ဝန်ဆောင်မှုပေးရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခြင်းနှင့် အကြံပြုချက်များ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ချင်းမိုင်မြို့၌ ဖွင့်လှစ်ထားရှိသည့် CI စခန်းတွင် တစ်နေ့လျှင် အများဆုံး မြန်မာနိုင်ငံသား (၈၀၀) ဦးကျော်ကို CI သက်တမ်းတိုး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း နှင့် စတင်ဖွင့်လှစ်သည့် ၆-၈-၂၀၂၅ ရက်မှ ၂၉-၈-၂၀၂၅ ရက်အထိ ဝန်ဆောင်မှုရယူခဲ့သူ မြန်မာနိုင်ငံသားပေါင်း (၁၂,၀၉၁) ကျော်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။