(၁၆-၆-၂၀၂၆၊ ဗန်ကောက်)
နိုင်ငံတကာ သံတမန်ရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ထိုင်းနိုင်ငံအခြေစိုက် လစဉ်ထုတ် မဂ္ဂဇင်းတစ်ခုဖြစ်သည့် Ambassador World Magazine သည် ၎င်းတို့၏ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လထုတ် မဂ္ဂဇင်းမျက်နှာဖုံး (Magazine Cover) သတင်းအဖြစ် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အချက်အလက်များကို အထူးပြုဖော်ပြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးအား မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လာရောက်တွေ့ဆုံမေးမြန်းခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီးက နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ထိုင်း စီးပွားရေးလုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းမွန်သည့် ကဏ္ဍများ၊ ရန်ကုန်မြို့အပါအဝင် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ပြသနိုင်သော ခရီးစဉ်များ နှင့် ဒေသများ၏ ထိုင်းကမ္ဘာလှည့်ခရီးသွားများအပေါ် ဆွဲဆောင်နိုင်မှုနှင့် နိုင်ငံတကာသို့ မြန်မာ့ယဉ်ကျေးမှုများအား မိတ်ဆက်ပေးလိုသည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ပံ့ပိုးကူညီပေးမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ချိတ်ဆက်မှု (People-to-people connectivity) မြှင့်တင်ရေးနှင့် အာဆီယံဒေသတွင်း တည်ငြိမ်ဖွံ့ဖြိုးရေးဆိုင်ရာ ရှုထောင့်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။



