ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏ ဗီဇာဆိုင်ရာ စည်းမျဉ်းသစ်များ ပြင်ဆင်ပြောင်းလဲမှုနှင့် ပတ်သက်၍ သိရှိစေရန် အသိပေးကြေညာခြင်း

(၂၂-၉-၂၀၂၆၊ နေပြည်တော်)

၁။      ထိုင်းနိုင်ငံ၏ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာဆိုင်ရာ စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်လိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားလာပါသည်။ အဆိုပါပြင်ဆင်ထားသည့် စည်းမျဉ်းများသည် ၁၅-၉-၂၀၂၆ ရက်မှ စတင် အသက်ဝင်မည် ဖြစ်ကာ ယင်းရက်မတိုင်မီ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးဖြစ်သော နိုင်ငံခြားသားခရီးသွား ဧည့်သည်များအပေါ် သက်ရောက်မှုမရှိကြောင်း သိရှိရပါသည်။

၂။       ထိုင်းနိုင်ငံ၏ ဗီဇာမူဝါဒသစ်အရ နိုင်ငံတစ်နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့် အစီအစဉ် တစ်မျိုးတည်းကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခင်က နိုင်ငံပေါင်း (၉၃) နိုင်ငံသို့ ခွင့်ပြု ထားသည့် ရက် (၆၀) သက်တမ်းရှိ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို ဖျက်သိမ်း၍ ရက် (၃၀) ဗီဇာကင်းလွတ်ခွင့်ကို ပူးတွဲပါနိုင်ငံပေါင်း (၆၀) အတွက်လည်းကောင်း၊ ဆေးရှဲလ်နှင့် မောရစ်ရှ နိုင်ငံတို့အား (၁၅) ရက်ဗီဇာ ကင်းလွတ်ခွင့်ကိုလည်းကောင်း၊ ဆိုက်ရောက်ဗီဇာအား အဇာဘိုင်ဂျန်၊ ဘယ်လာရုစ်နှင့် ဆားဘီးယားနိုင်ငံတို့ကိုလည်းကောင်း ခွင့်ပြုခြင်းအားဖြင့် ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊ ထို့အပြင်၂၀၁၆ ခုနှစ်ကတည်းက ကျင့်သုံးလျက်ရှိသည့် ဗီဇာကင်းလွတ်ခွင့်ဖြင့် ကုန်းလမ်းနယ်စပ်မှတစ်ဆင့် ဝင်ရောက်မည့် ခရီးသွားများအနေဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်သာ ဝင်ရောက်ခွင့်ပြုသည့် ကန့်သတ်ချက်မှာ ပြောင်းလဲမှုမရှိဘဲ ဆက်လက်တည်ရှိနေ မည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသို့ မကြာခဏဝင်ရောက်ရန် (သို့မဟုတ်) ကာလရှည်ကြာစွာ နေထိုင်ရန် လိုအပ်သော ခရီးသွားများအနေဖြင့် ၎င်းတို့နှင့်ကိုက်ညီသည့် သင့်လျော်သော ဗီဇာအမျိုးအစားကို ပြောင်းလဲလျှောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၃။      ယခုကဲ့သို့ ထိုင်းနိုင်ငံ၏ ပြည်ဝင်ဗီဇာစည်းမျဉ်းသစ်များကို ပြောင်းလဲပြင်ဆင်လိုက် သော်လည်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ချုပ်ဆိုထားသည့် နှစ်နိုင်ငံပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်စာချုပ်များအရ သံတမန် (သို့မဟုတ်) အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ မြန်မာနိုင်ငံသားများသည် ရက်ပေါင်း (၃၀) ဗီဇာကင်းလွတ်ခွင့်ကိုလည်းကောင်း၊ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ မြန်မာနိုင်ငံသားများသည် လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ပါက (၁၄) ရက် ဗီဇာကင်းလွတ်ခွင့်ကိုလည်းကောင်း မူလအတိုင်း ဆက်လက်ခံစားခွင့် ရှိမည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ခရီးသွားမိဘပြည်သူများအနေဖြင့် ပြင်ဆင်လိုက်သော ဗီဇာစည်းမျဉ်းသစ်များ၊ ခွင့်ပြုရက် သက်တမ်းများနှင့် လိုအပ်သော ဗီဇာအမျိုးအစားများကို ကြိုတင်စိစစ်၍ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။