ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများဆိုင်ရာ ဒုတိယအကြိမ် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ (၂၄-၈-၂၀၁၈ ရက်၊ နေပြည်တော်)

 

မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များ ဦးဆောင်သည့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးဆိုင်ရာ ဒုတိယအကြိမ် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ ၂၄-၈-၂၀၁၈ ရက် (သောကြာနေ့)တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားဟု ဆိုသူများအား ပြန်လည်စိစစ်၍ လက်ခံရာတွင် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရန် ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့အပြင် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးနှင့် လူမှုဖြစ်ရပ်ရေးရာ စီမံခန့်ခွဲရေးတို့ အတွက် ထိုင်းနိုင်ငံရှိ စခန်းများသို့ မြန်မာဘက် လူမှုဖြစ်ရပ်ရေးရာ စီမံခန့်ခွဲ့ရေးအဖွဲ့ (Case Management Team) ၏ ဆောင်ရွက်ထားရှိမှုနှင့် မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား တတိယအသုတ်အဖြစ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ၌ ပြန်လည်လက်ခံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ ချမှတ်နိုင်ရေး နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ယင်းပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ထို့အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် H.E. Ms.Busaya Mathelin ဦးဆောင်ပြီး ထိုင်းဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။