ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းသည် မြန်မာနိုင်ငံသား အကျဉ်းသားများ ဖြစ်ကြသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား တွေ့ဆုံအားပေးခဲ့ခြင်းနှင့် အသနားခံစာ တင်ရေးအတွက် ထိုင်းရှေ့နေများကောင်စီနှင့် ဆွေးနွေးခဲ့ခြင်း

(၆-၉-၂၀၁၉ ရက်၊ ဗန်ကောက်မြို့)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့် သံရုံးတာဝန်ရှိသူများသည် ၅-၉-၂၀၁၉ ရက်နေ့၊ (၀၉၃၀) နာရီတွင် ထိုင်းနိုင်ငံ၊ နွမ်ထဘူရီခရိုင်၊ Bang Kwang အကျဉ်းထောင်၌ ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်း (Koh Tao) တွင် ဗြိတိန်နိုင်ငံသား (၂) ဦးအား သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ထားခြင်း ခံရသည့် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့အား သွားရောက်တွေ့ဆုံအားပေး၍ ၎င်းတို့နှစ်ဦးအတွက် မြန်မာအစိုးရကိုယ်စား သံရုံးမှ ဆောင်ရွက်ပေးနေသည့် အခြေအနေနှင့် နောင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက် သံအမတ်ကြီးနှင့်အဖွဲ့သည် (၁၅၀၀) နာရီတွင် ထိုင်းရှေ့နေများကောင်စီသို့ သွားရောက်၍ အဆိုပါမြန်မာနိုင်ငံသားနှစ်ဦးအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ် လျော့ပေါ့ရေးအတွက် အသနားခံစာတင်ရန် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာတွင် အဓိကအားဖြင့် ထိုင်းရှေ့နေများကောင်စီက ၎င်းတို့အနေဖြင့် ၆-၉-၂၀၁၉ ရက်နေ့တွင် အစည်းအဝေးပြုလုပ်မည်ဖြစ်ပြီး အသနားခံစာ ပြင်ဆင်ရန်အတွက် Timeframe နှင့် အသေးစိတ်အစီအစဉ်များကို သံရုံးသို့ တင်ပြမည် ဖြစ်ပါကြောင်း၊ သံရုံးဘက်ကလည်း မြန်မာနိုင်ငံသားနှစ်ဦး ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို ထိုင်းရှေ့နေများကောင်စီနှင့်အတူ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ သွားရောက်ရာတွင် သံအမတ်ကြီးနှင့်အတူ မြန်မာသံရုံးမှ သံအမတ် ဒေါ်အိအိတင်၊ သံမှူးကြီး ဦးအောင်ကျော်သူရ၊ ပထမအတွင်းဝန် ဒေါ်ခင်လပြည့်ထွန်း၊ အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်နှင့် ဥပဒေအကြံပေး ရှေ့နေ ဦးမျိုးသန့်တို့ လိုက်ပါခဲ့ကြကြောင်း သိရှိရပါသည်။