ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၆-၆-၂၀၂၆ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ထိုင်းတော်ဝင်ရေတပ်ကွန်ဗင်းရှင်းခန်းမ၌ ထိုင်းနိုင်ငံယဉ်ကျေးမှု ဝန်ကြီးဌာန၊ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့နှင့် ထိုင်းပိုးထည်နှင့်ယဉ်ကျေးမှု မြှင့်တင်ရေး အသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် (၁၅) ကြိမ်မြောက် ထိုင်းပိုးထည်ပွဲတော်သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါပွဲတော်ကို ထိုင်းဘုရင့်မိဖုရား၏ စတုတ္ထစက်ဝန်းပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်ချာန်ဗီရာကူလ်နှင့် ဇနီးအပါအဝင် ထိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သံတမန်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် နိုင်ငံတကာဧည့်သည် တော်များ တက်ရောက်ခဲ့ကြကာ ထိုင်းပိုးထည်၊ ယဉ်ကျေးမှုနှင့် ဖန်တီးမှုဒီဇိုင်းများကို ဂုဏ်ပြုဆင်နွှဲခဲ့ကြပါသည်။
အခမ်းအနား၏ အထူးအစီအစဉ်အဖြစ် သံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့်မိသားစုအပါအဝင် ထိုင်းအစိုးရအဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံအခြေစိုက် သံရုံးများနှင့် ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် ရုံးမှ သံတမန်များနှင့် ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များနှင့် အသက် မွေးဝမ်းကျောင်းပညာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဒီဇိုင်းရေးဆွဲထားသည့် ထိုင်းပိုးထည်ဝတ်စုံပေါင်း (၂၅၀) ကျော်ကိုဝတ်ဆင်၍ ဖက်ရှင်ရှိုးတွင် ပါဝင်ပြသခဲ့ကြပါသည်။



