ထိုင်ဝမ် (တရုတ်-တိုင်ပေ) မှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် (၁၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် စီစဉ် ဆောင်ရွက်ပေးခဲ့ခြင်း

(၂၈-၃-၂၀၂၁ ရက်၊ ဟောင်ကောင်)

ထိုင်ဝမ်(တရုတ်-တိုင်ပေ)၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး စာချုပ်သက်တမ်း ကျော်လွန်နေသည့်  မြန်မာသင်္ဘောသားများ၊ အလုပ်အကိုင် ဆက်လက်လုပ်ကိုင်ခွင့် မရရှိသူများ၊ ငါးဖမ်းလုပ်သားများ၊ ပညာသင်ကာလပြီးဆုံးသော ကျောင်းသားများနှင့် မိသားစုများထံ အလည်အပတ် လာရောက်သူများသည် Covid-19 ကူးစက်ရောဂါ ကာလအတွင်း လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် သောင်တင်နေကြရာ နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် (၁၂) ကြိမ်မြောက် တိုင်ပေ-ရန်ကုန် လေယာဉ်ခရီးစဉ်ကို Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ယနေ့ ၂၈-၃-၂၀၂၁ ရက် (တနင်္ဂနွေနေ့) နံနက် (၀၇:၀၀) နာရီချိန်တွင် တိုင်ပေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် China Airlines လေကြောင်းပျံသန်းအမှတ် CI-7915 ကုန်တင်လေယာဉ်ဖြင့် မြန်မာသင်္ဘောသား (၅၁) ဦး၊ အလုပ်အကိုင် ဆက်လက် အလုပ်လုပ်ကိုင်ခွင့် မရရှိသူများ၊ ငါးဖမ်းလုပ်သားများ၊ ပညာသင်ကာလပြီးဆုံးသော ကျောင်းသားများနှင့် မိသားစုများထံ အလည်အပတ်ရောက်ရှိပြီး သောင်တင်နေသူ (၄၂) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၉၃) ဦးသည် မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည် ထွက်ခွာသွားကြပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဟောင်ကောင်နှင့် မကာအိုဒေသတို့မှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် စုစုပေါင်း (၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ် လည်းကောင်း၊ ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသမှ မြန်မာနိုင်ငံသားများအား (၁၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသား စုစုပေါင်း (၁,၇၇၆) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။