(၁၃-၃-၂၀၂၂ ရက်၊ တရုတ်-တိုင်ပေ)
၁။ ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများသည် Covid-19 ကူးစက်ရောဂါကာလအတွင်း လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် နေရပ်ပြန်ရန် အခက်အခဲ ကြုံတွေ့နေကြရာ နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် (၁၈) ကြိမ်မြောက် တိုင်ပေ-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ကို Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
၂။ ယနေ့ ၁၃-၃-၂၀၂၂ ရက် (တနင်္ဂနွေနေ့) နံနက် ၀၇:၀၀ နာရီချိန်တွင် တိုင်ပေမြို့မှ ရန်ကုန်မြို့ သို့ ပျံသန်းသည့် China Airlines လေကြောင်းပျံသန်းအမှတ် CI-7915 ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသား (၇၇) ဦးတို့သည် ရန်ကုန်မြို့သို့ ချောမောစွာ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ တားဆီးနိုင်ရန် ရည်ရွယ်၍ ခရီးသည် များအနေဖြင့် ခရီးစဉ် မတိုင်မီ (၇၂) နာရီအတွင်း Covid-19 ရောဂါ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါသည်။
၃။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဟောင်ကောင်နှင့် မကာအိုဒေသတို့မှ နေရပ်ပြန်လို သည့် မြန်မာနိုင်ငံသားများအတွက် စုစုပေါင်း (၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ် လည်းကောင်း၊ ထိုင်ဝမ်(တရုတ်-တိုင်ပေ)ဒေသမှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအတွက် (၁၈) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသား စုစုပေါင်း (၂၅၁၀) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။




