တဲလ်အဗီးမြို့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများ ပူးပေါင်း၍ အာဆီယံနေ့အခမ်းအနား ကျင်းပ (၉-၈-၂၀၂၅ ရက်)

(၉-၈-၂၀၂၅ ရက်၊ တဲလ်အဗီး)

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် ကျရောက်သည့် အာဆီယံအဖွဲ့ ဖွဲ့စည်းတည်ထောင်သည့် (၅၈) နှစ်မြောက်အထိမ်းအမှတ်အဖြစ် တဲလ်အဗီးမြို့ရှိ မြန်မာသံရုံးအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများ ပူးပေါင်း၍ အာဆီယံနေ့အခမ်းအနားကို ၇-၈-၂၀၂၅ ရက် (ကြာသပတေးနေ့)၊ ညနေ ၁၈၀၀ နာရီတွင် တဲလ်အဗီးမြို့ရှိ HaYarkon ပန်းခြံ၌ ကျင်းပခဲ့ရာ အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ အခြေစိုက် အာဆီယံသံရုံးများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မြန်မာနှင့် စင်ကာပူသံရုံးများအပြင် တရုတ်၊ ဂျပန်၊ နီပေါ၊ သီရိလင်္ကာ၊ ဩစတြေးလျနိုင်ငံတို့မှ သံအမတ်ကြီးများ နှင့်အတူ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်နှင့် သံရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr. Gil Haskel က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် အစိုးရဝန်ကြီးဌာနများမှ ဧည့်သည်တော်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားမစတင်မီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခဲ့ခြင်းအတွက် အာဆီယံသံရုံးများ နာယက ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Ly Duc Trung က ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကား ပြောကြားခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အာဆီယံသံအမတ်ကြီးများနှင့် သံရုံးဒုတိယအကြီးအကဲများက ၁ မိနစ် ငြိမ်သက်ခြင်းအား ဖိလစ်ပိုင်သံအမတ်ကြီး၏ ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အာဆီယံနေ့အခမ်းအနားတွင် ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Ly Duc Trung နှင့် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr. Gil Haskel တို့က (၅၈) နှစ်မြောက် အာဆီယံနေ့ကို ဂုဏ်ပြုသည့် မိန့်ခွန်းပြောကြား၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး အာဆီယံ (၅)နိုင်ငံတို့မှ သံရုံးအကြီးကဲများက အာဆီယံအထိမ်းအမှတ် ကိတ်မုန့်ခွဲကာ ASEAN Anthem ကို သီဆိုခဲ့ကြပါသည်။ အခမ်းအနား၌ တဲလ်အဗီးမြို့ရှိ အာဆီယံအဖွဲ့ဝင်သံရုံးများမှ ရိုးရာအစားအစာများဖြင့် တည်ခင်း ဧည့်ခံခဲ့ရာ မြန်မာသံရုံးအနေဖြင့်လည်း မြန်မာ့ရိုးရာအစားအစာများဖြင့် ပါဝင်တည်ခင်း ဧည့်ခံခဲ့ပါသည်။